434 Pageviews
လွန်ခဲ့တဲ့ ၁၁ နှစ် က TIME မဂ္ဂဇင်းမှာ Bibi Aisha ရဲ့ပုံပါလာခဲ့ပါတယ်။ ဘီဘီက နာမည်ရှေ့မှာ lady ဆိုတဲ့သဘောထည့်ခေါ်တာပါ။ အိုက်ရှားဟာ အတော်ချောမောလှပတဲ့ အာဖကန်အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမအသက် (၁၄) နှစ်အရွယ်မှာပဲ တာလီဘန်တိုက်ခိုက်ရေးသမားတစ်ယောက်ထံကို အတင်းပေးစားတာခံခဲ့ရပါတယ်။
သူ့အဖေဘက်က အဲ့ဒီတာလီဘန်ဘက်ကို လူသေစေခဲ့မှုအတွက်သွေးကြွေးပေးရန်ရှိပါတယ်။ အဲ့ဒီအတွက် ချောချောလှလှသမီးနဲ့ သွေးကြွေးချေခဲ့တာပါ။ အဲ့ဒီတာလီဘန်ရော၊ သူ့မိသားစုကပါ အိုက်ရှားကိုအလွန်နှိပ်စက်တဲ့အတွက် လေးနှစ်အကြာမှာ မခံနိုင်တဲ့အဆုံး ထွက်ပြေးခဲ့ပါတယ်။
အဲ့ဒီတုန်းက ရဲကဖမ်းမိပြီး ထောင် (၅) လချကာသူ့အဖေထံပြန်ပို့ခဲ့ပါတယ်။ သူ့အဖေက သူ့ယောက်ျားဆီပြန်ပို့ခဲ့ပါတယ်။ အိုက်ရှားရဲ့ယောကျ်ားရယ်၊ ယောက်ခထီးရယ်၊ အခြားလူသုံးယောက်ရယ်က အိုက်ရှားကို တောင်တွေပေါ်ခေါ်သွားပြီး နှာခေါင်းနဲ့နားရွက်ကိုဖြတ်ပစ်ကာ မသေမရှင်ပစ်ထားခဲ့ပါတယ်။
သူမဟာ သူမရဲ့အဖိုးအိမ်ကို တွားတွားသွားခဲ့ပေမယ့် အဖိုးအိမ်ကကယ်ဆယ်ဖို့ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံးတော့ ကယ်ဆယ်သူတွေနဲ့တွေ့ပြီး အမေရိကန်စစ်တပ်ကဆေးကုသပေးကာ အမေရိကန်မှာအခြေချခွင့်ပေးခဲ့ပါတယ်။
၂၀၁၂ မှာ သူမရဲ့နှာခေါင်းကိုလည်း အစားထိုးပြန်လည်တည်ဆောက်ကာ ကုသပေးခဲ့ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်ခွဲစိတ်ခဲ့ရပါတယ်။
သူမခံစားနေရတဲ့ စိတ်ဝေဒနာတွေကိုလည်း ကုသပေးကာ ဘဝသစ်တည်ဆောက်ဖို့ ကူညီပေးခဲ့ကြပါတယ်။ သူမဟာ English နဲ့ သင်္ချာဘာသာရပ်တွေကိုလေ့လာသင်ကြားပြီး ရဲတစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးထက်ဆိုးတာတွေ အာဖကန်မှာအများကြီးရှိခဲ့ပါတယ်။ အာဖကန်ဟာ တာလီဘန်တို့ရဲ့လက်ထဲကိုပြန်ရောက်သွားရင် လူ့အခွင့်အရေးတွေ ပိတ်ပင်ခံရမယ်။ အစွန်းရောက်ဝါဒတွေပြန်လည်ကြီးစိုးမယ်ဆိုတာကို လူတိုင်းသိနေကြလို့ထွက်ပြေးကြတာဖြစ်ပါတယ်။
အမေရိကန်နဲ့မဟာမိတ်တို့နဲ့အလုပ်လုပ်ခဲ့တဲ့သူတွေလည်း ထွက်ပြေးဖို့အသည်းအသန်ကြိုးစားနေကြပါတယ်။ လွန်ခဲ့တဲ့အပတ်ကပဲ တာလီဘန်တွေဟာ ဘဏ်ဝန်ထမ်းအမျိုးသမီးတွေကို အလုပ်လုပ်ခွင့်မပြုတော့ကြောင်းပြောဆိုကာ မောင်းထုတ်ခဲ့ပါတယ်။
ကျောင်းသူတစ်ယောက်ဆိုရင် လာမယ့် နိုဝင်ဘာလမှာ American University of Afghanistan ကနေ ဘွဲ့ရလုလုပါ။ အခုတော့ သူမတသက်လုံးကြိုးစားခဲ့သမျှတွေဟာ သဲထဲရေသွန်သလိုဖြစ်သွားပြီ။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရတဲ့ဘဝနဲ့ နေရတော့မယ်လို့ ယူကျုံးမရငိုကြွေးနေပါတယ်။
၁၉၉၀ ကျော် တာလီဘန်ခေတ်မှာ တက္ကသိုလ်ပါမောက္ခဆရာမကြီးတစ်ယောက်ဟာ လမ်းပေါ်မှာတောင်းစားခဲ့ရပါတယ်။ ယောက်ျားသေဆုံးပြီးနောက် အလုပ်လုပ်ခွင့်လည်းမရ၊ လုပ်ကိုင်ကျွေးမယ့်သူလည်းမရှိတာကြောင့် လမ်းပေါ်မှာတောင်းစားခဲ့ရတဲ့ဘဝရောက်သွားတာပါ။
အာဖကန်မှာဘာတွေဆက်ဖြစ်မယ်ဆိုတာ တကမ္ဘာလုံးကမသိသေးပါဘူး။ဒါပေမယ့်ကောင်းတဲ့အလားအလာတော့မမြင်ပါခင်ဗျား။