280 Pageviews
Whalefish လေးတွေအကြောင်းရှာဖတ်ရင်းနဲ့ ဝင်ကစွပ်တွေအကြောင်းရောက်သွားတယ်။ BBC ရဲ့ documentary ထဲမှာ hermit crab ဝင်ကစွပ်လေးတွေဟာ ပင်လယ်ကမ်းခြေမှာတန်းစီနေရာယူနေကြတယ်။
ဘာလုပ်တာလဲဆိုတော့ အခွံအလဲအလှယ် trade လုပ်ကြတာ။ ဝင်ကစွပ်ဟာ နေပူတဲ့သဲသောင်ပြင်မှာ အခွံမရှိပဲကြာကြာအသက်မရှင်နိုင်ဘူး။ သူတို့အခွံလဲလှယ်ရင် အမြန်ဆုံးလုပ်ရတယ်။ မြင်ဖူးတဲ့သူရှားတယ်။
ဝင်ကစွပ်လေးတစ်ကောင်က သူ့ကိုယ်ခန္ဓာအရွယ်ကြီးလာတော့ နေရတာကျပ်လာပြီး ပိုကြီးတဲ့ခရုခွံကိုပြောင်းမှဖြစ်တော့မယ်။ အဲ့မှာ ခရုခွံအကြီးတစ်ခုကိုသွားတွေ့တယ်။ သူ့ထက်အများကြီးကြီးနေတယ်။ ဘာလုပ်သလဲဆိုတော့ အဲ့ခရုခွံနားမှာအသာလေးစောင့်နေလိုက်တယ်။ ခဏနေတော့ အခြားဝင်ကစွပ်တွေတစ်ကောင်ပြီးတစ်ကောင်ရောက်လာပြီး ကြီးစဉ်ငယ်လိုက်တန်းစီကြပါလေရော။
အဲ့မှာအကြီးဆုံးကောင်က ခရုံခွံဘက်မှာနေပြီး အငယ်ဆုံးကောင်က အစွန်ဆုံးမှာနေလိုက်တယ်။ တန်းစီပြီးရယ်ဒီဆိုတာနဲ့ ဘောင်ဘီတယောက်နဲ့တယောက်လဲသလို အမြန်ချွတ်လဲတော့တာပဲ။ အကြီးဆုံးအကောင်က သူ့အခွံထဲကအမြန်ထွက်ပြီး ခရုခွံကြီးထဲအမြန်ဝင်လိုက်တာနဲ့ ဒုတိယအကြီးဆုံးအကောင်က သူ့အရင်အခွံကိုဝင်ယူနေပြီ။ အဲ့လိုနဲ့ဆင့်ကဲဆင့်ကဲအခွံလဲလှယ်သွားတာ အရမ်းစစနစ်ကျတယ်။
Moral of the Story
=============
ကျနော်တို့လူတွေမှာ ကိုယ်မလိုအပ်တော့တဲ့အရာကို လိုအပ်သူကိုလက်ဆင့်ကမ်းမပေးပဲ ဈေးတင်အမြတ်တင်ရောင်းချင်ကြတယ်။ အထူးသဖြင့်အခုလို နိုင်ငံရေးကပ်နဲ့ Covid-19 pandemic ကပ်ရောဂါ နှစ်ဆင့်ထပ်နေတဲ့ကာလမှာတောင် သူများလိုအပ်တဲ့ပစ္စည်းကို #အမြတ်မတန်တဆတင်ရောင်းပြီးအချီကြီးသွေးစုပ်ချင်ကြတယ်။
ဝင်ကစွပ်ကမှ လူတွေထက် အသိတရားရှိသေးတယ်။
ဝင်ကစွပ်တွေမှာ အရွယ်အစားတိုင်းတာပြီး အရွယ်အလိုက်တန်းစီနိုင်တဲ့ sizing and grouping skill အရည်အချင်းရှိတာကိုတွေ့ရတယ်။
ဝင်ကစွပ်တွေမှာ စုပေါင်းလုပ်ဆောင်နိုင်တဲ့ team tasking အရည်အသွေးနဲ့ trade skill ရှိတာကိုတွေ့ရတယ်။
ဘာပဲဖြစ်ဖြစ်ဒီစာလေးဖတ်ပြီးရင် အချို့တွေဟာ လူစိတ်ပြန်မွေးနိုင်ကောင်းပါရဲ့။
ပြောသာပြောရတယ်။ ဒီစာကိုငါရေးတာဆိုပြီး စာဝင်ကစွပ် ဝင်စွပ်တတ်တဲ့လူတွေကရှိဦးမယ်။
Richard Myo Thant
14-August -2021