?? အာဖကန်ကိုဖြတ်တိုက်ခဲ့တဲ့ဆိုက်ကလုံး

ကမ္ဘာ့သတင်း အတွေးအမြင်

 470 Pageviews

ပုံထဲမှာ ?? အာဖကန်မူဂျာဟစ်ဒင်တစ်ယောက်က ဆိုဗီယက် Mi-24D ဟယ်လီကော့ပတာကိုပစ်ချနေပါတယ်။

အာဖကန်သမိုင်းကြောင်းအကြမ်းဖျင်း time line လေးရေးပေးပါမယ်။ ဘာမှမရှိတဲ့ အာဖကန်မြေကို ဗြိတိသျှတွေ၊ ဆိုဗီယက်တွေ၊ အမေရိကန်တွေဝင်ရောက်ကြည့်ခဲ့ကြပါတယ်။ ဝင်ကြည့်ခဲ့တဲ့ သုမနတို့ရဲ့ကျောတိုင်းမှာ အရှိုးရာတွေထင်ခဲ့တာချည်းပါပဲ။

၁၉ ရက် ၈ လ ၁၉၁၉ မှာ ဗြိတိသျှတို့နဲ့စစ်ပြေငြိမ်းပြီး အာမန်နျူလာခန်ဟာ ဘုရင်အဖြစ်ခံယူခဲ့တယ်။ ၁၉၇၃ မှာ မိုဟာမက်ဒါဝတ်ခန်က သူ့ဝမ်းကွဲညီအကိုရှားဘုရင်ကို coup d’état လုပ်ကာ အာဏာတက်သိမ်းရာက အာဖကန်ဟာ ထောင်းလမောင်ကြေကာ လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ ? တိုင်းပြည်တစ်ပြည်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားကတော့ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့စိတ်ဓာတ်နဲ့ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့လုပ်ရပ်ပါပဲ။


၁၉၇၉ ဒီဇင်ဘာ ၂၄ ခရစ်စမတ်အကြိုညမှာဆိုဗီယက်တွေဝင်ပါတယ်။ အာဖကန်ကို ကွန်မြူနစ်နိုင်ငံအဖြစ်ပြောင်းပေးကာ ဆိုဗီယက် USSR အင်ပါယာကြီးချဲ့ချင်တဲ့စိတ်နဲ့ပါ။ ဆိုဗီယက်အဝင်မြန်ပါတယ်။ တပ်နီတော်ကြီးဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Tajbeg Palace ကိုဝင်စီးပြီး ဟာဖီဇူလာအမင်ကို သတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီမှာ အာဖကန်ကို bear trap ဝက်ဝံထောင်ချောက်လို့ခေါ်ကြပါတယ်။ ဝင်မိခဲ့တဲ့ ဝက်ဝံကြီးဟာ စုတ်ပြတ်သတ်သွားလို့ပါပဲ။


အာဖကန်ကမူဂျာဟစ်ဒင်အဖွဲ့ဟာ ဆိုဗီယက်တွေကို ရရာလက်နက်နဲ့တော်လှန်ပါတယ်။ တူမီးလက်နက်နဲ့ကို တွေ့ရာမှာတိုက်ခိုက်တာပါ။
ဆိုဗီယက်ရဲ့ တင့်ကားတွေနဲ့ ရဟတ်ယာဉ်တွေကြားမှာ မူဂျာဟစ်ဒင်တွေလည်း အတော်သေကျေပျက်စီးခဲ့ရပါတယ်။
အဲ့ဒီဆိုဗီယက်ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန်အမေရိကန်က Operation Cyclone ဆိုက်ကလုန်းမုန်တိုင်းစစ်ဆင်ရေးလုပ်ပါတယ်။
မူဂျာဟစ်ဒင်တွေဟာ အမေရိကန်သမ္မတရော်နယ်ရေဂင်နဲ့ အိမ်ဖြူတော်မှာသွားရောက်တွေ့ဆုံခဲ့တယ်။ ဒဏ်ရာရတဲ့မူဂျဟစ်ဒင်တွေကို အမေရိကန်အထိခေါ်ပြီးဆေးကုပေးခဲ့တာတွေရှိခဲ့ပါတယ်။


Operation Cyclone နဲ့ ၁၉၈၆ စက်တင်ဘာမှာ အမေရိကန်က လေယာဉ်ပစ်ပခုံးထမ်းစတင်ဂါလောင်ချာတွေ ထောက်ပံ့ပေးချလိုက်ပါတယ်။
အမေရိကန်လုပ် FIM-92 Stinger တွေလက်ချက်နဲ့ ဆိုဗီယက်ရဟတ်ယာဉ်တွေတစ်စစီဖြစ်ကုန်ပါတော့တယ်။ အမေရိကန်က FIM-92 တွေထောက်ပံ့တာလက်လွန်သွားပြီး ၁၉၉၀ နောက်ပိုင်းမှာ အာဖကန်တွေဆီက အတင်းပြန်ဝယ်ခဲ့ရပါတယ်။
သူ့လက်နက်နဲ့သူနောက်ပိုင်းပြန်ဒုက္ခရောက်မှာကြောက်တာပါ။

၁၉၈၉ ဖေဖဝါရီ ၁၅ ရက်နေ့မှာ ဆိုဗီယက်က အာဖကန်ကနေတပ်တွေအားလုံးရုပ်သိမ်းပါတယ်။ အာဖကန်ရှိဆိုဗီယက်တပ်မှူးဗိုလ်ချုပ်ဟာ စိတ်နာလွန်းလို့ကားပေါ်တက်ပြီးနောက်ကို တစ်ချက်တောင်နောက်ပြန်လှည့်မကြည့်ခဲ့ပါတဲ့။ အဲ့ဒီတုန်းကအဖြစ်အပျက်ကို မနေ့တနေ့ကလို ကျနော်ကောင်းကောင်းမှတ်မိနေပါတယ်။

ဆိုဗီယက် USSR ကြီးပြိုကွဲသွားစေတဲ့ ပုဆိန်ချက်တွေထဲမှာ အာဖကန်ကမအောင်မမြင်ပြန်ဆုတ်ရခြင်းဟာ အကြောင်းရင်းအကြီးကြီးတစ်ခုဖြစ်ပါတယ်။ ဆိုဗီယက်မထွက်ခင်လေးမှာ အမေရိကန်က မူဂျာဟစ်ဒင်တွေနဲ့ရေလည်ပုလဲနံပသင့်ပြီး RAMBO III တွေဘာတွေရိုက်ခဲ့ပါသေးတယ်။


မူဂျာဟစ်ဒင်တွေဟာ ၁၉၉၂ မှာ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ပေမယ့် နောက်ပိုင်းပြိုကွဲသွားကာ သူတလူငါတမင်းထတိုက်ကြပါတယ်။
၁၉၉၅ စက်တင်ဘာမှာ တာလီဘန်တွေက အီရန်နဲ့တာ့ကမန်နယ်စပ် ဟီရတ်မြို့ကိုတက်သိမ်းပါတယ်။ တာလီဘန်တွေဟာ ?? ပါကစ္စတန်ကအစ္စလမ်မစ်ကျောင်းတွေမှာ ပညာသင်လာတဲ့လူငယ်တွေနဲ့ အခြေတည်ဖွဲ့စည်းခဲ့တာပါ။


၁၉၉၆ စက်တင်ဘာမှာပဲ တာလီဘန်တွေဟာ ကဘူးမြို့တော်ကိုတက်သိမ်းနိုင်ခဲ့ကာ မူဂျာဟစ်ဒင်သမ္မတကိုဖြုတ်ချနိုင်ခဲ့ပါတယ်။
အဲ့ဒီမှာ အစွန်းရောက်လုပ်ရပ်တွေလုပ်ကာ ထင်တိုင်းကြဲခဲ့ပါတယ်။ နောက်ဆုံး အိုစမာဘင်လာဒင်ရဲ့ အယ်ကိုင်းဒါအဖွဲ့ကို အထောက်အပံ့ပေးခဲ့ပါတယ်။


၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ (9/11) မှာ အမေရိကန် World Trade Center ကိုလေယာဉ်နဲ့အသေခံတိုက်ခိုက်မှုအပြီးမှာ သိမ်းငှက်ကြီးကို ဖင်မြီးသွားနှုတ်မိသလိုဖြစ်ခဲ့ပါတယ်။ တစ်လမပြည့်ခင် ၂၀၀၁ အောက်တိုဘာ ၇ ရက်မှာတင်အမေရိကန်က B52 တွေနဲ့ တာလီဘန်စခန်းတွေကို ဗုံးကြဲမှုတွေစလုပ်ခဲ့ပါတယ်။


အဲ့ဒီကနေ အမေရိကန်တွေအာဖကန်ကိုဝင်ရောက်ခဲ့ကာ ဘီလျံဒေါ်လာတောင်မဟုတ်ပဲ နှစ် (၂၀) အတွင်းမှာ ထရီလျံဒေါ်လာ
(ဒေါ်လာသန်းပေါင်းသန်းနဲ့ချီ) သုံးကာ အာဖကန်ကိုပုံအောခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အလွန်ခေတ်မီတဲ့နိုင်ငံအဖြစ်ပြောင်းပစ်လိုက်နိုင်တဲ့ အဲ့လောက်များပြားတဲ့ငွေတွေဟာ အာဖကန်မှာ သဲထဲရေသွန်သလိုဖြစ်ခဲ့ပါတယ်။
? အဓိကက အကျင့်ပျက်ချစားတဲ့အစိုးရအရာရှိတွေကြောင့်ပါပဲ။


နောက်ဆုံးတော့ အမေရိကန်သမ္မတဘိုင်ဒင်က ဩဂတ်စ်လ (၃၁) နောက်ဆုံးအာဖကန်မြေကနေ အမေရိကန်တွေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီမှာ အမေရိကန်တွေသေချာလေ့ကျင့်ပြီး လက်နက်အကောင်းတွေတပ်ဆင်ပေးထားတဲ့ အာဖကန်စစ်တပ်ကြီးဟာ ရရာလက်နက်စွဲကိုင်ထားတဲ့ တာလီဘန်တွေကို မတားဆီးနိုင်ပဲ ရက်ပိုင်းအတွင်း ကာဘူးမြို့တော်ကြီးကျဆုံးသွားပါတော့တယ်။
အာဖကန်နစ္စတန်ဟာနောက်ဆုံးတော့ နှစ် (၂၀) တစ်ပတ်လည် ဒုံရင်းကဒုံရင်းပြန်ရောက်သွားတာပါပဲ။

အမေရိကန်ပါဝင်ပတ်သက်ခဲ့တဲ့စစ်ပွဲတွေအားလုံးမှာ အာဖကန်ကသက်တမ်းအရှည်ဆုံးဖြစ်ပြီး နှစ် (၂၀) နီးနီးကြာခဲ့တယ်။
“We did not go to Afghanistan to nation-build,” Mr. Biden said. ကျနော်တို့ဟာ အာဖကန်နစ္စတန်ကို #တိုင်းပြည်တည်ဆောက်ဖို့သွားခဲ့တာမဟုတ်ဘူးလို့ အမေရိကန်သမ္မတဘိုင်ဒင်ကပြောကြားခဲ့ပါတယ်။


“It’s the right and the responsibility of Afghan people alone to decide their future and how they want to run their country.” “အာဖကန်ရဲ့ အနာဂတ်နဲ့ တိုင်းပြည်ကိုဘယ်လိုခရီးဆက်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ရာက အာဖကန်ပြည်သူတွေမှာသာ ဆုံးဖြတ်ဖို့အခွင့်အရေးနဲ့တာဝန်ရှိတယ်”တဲ့။


အာဖကန်နဲ့ပတ်သက်လို့ သင်ခန်းစာယူစရာတွေအများကြီးပြောစရာရှိပါတယ်။ နောက်ဆုံးကတော့ တိုင်းပြည်တပြည်ပျက်စီးရခြင်းဟာ အကျင့်ပျက်ချစားလိုသူတို့ကြောင့်ဆိုတဲ့ တစ်ခုတည်းသောအဖြေကိုသွားတွေ့ပါတယ်။

အာဏာကိုလိုချင်ပြီး အာဏာသိမ်းရခြင်းဟာလည်း အကျင့်ပျက်မှုပါပဲ။
ပြီးတော့ ပြည်ပရဲ့အကျိုးသက်ရောက်မှုတွေကိုမြင်တတ်ရင်အများကြီးပါ။


? လင်းယုန်ကြီးဘာလို့ရုတ်တရက်ထပျံတာလဲ❓
? ပန်ဒါကြီးကဘာလုပ်ဖို့ကြံနေတာလဲ❓
? ဝက်ဝံကြီးက ဘာလို့ပြုံးပြုံးကြီးလက်ပိုက်ကြည့်နေတာလဲ❓


“သမိုင်းကိုမအအောင်သင်သတဲ့။”
✍️ အချိန်ရလို့ရေးရင်တောင် သင်ခန်းစာယူစရာတွေ ရေးလို့မကုန်နိုင်ပါ။ စာရှည်ရင်မဖတ်ကြတဲ့နိုင်ငံမှာ စာရေးရတာအားမရှိပါ။

Leave a Reply

Your email address will not be published. Required fields are marked *