? ပလန့်ဘေ့စ်ဒိုင်းယဒ် (Plant based diet)

ကျန်းမာရေး

 294 Pageviews

?ရစ်ချတ်မျိုးသန့်တစ်ယောက် မနက်အိပ်ရာနိုးပြီး အိမ်သာထဲမှာဇိမ်နဲ့ ဖုန်းပွတ်ကာသတင်းတွေဖတ်နေတဲ့အချိန် ဖုန်းဝင်လာတော့ ကြည့်လိုက်တာ အကိုကြီးဆီကဖြစ်နေတယ်။

ရစ်ချတ်မျိုးသန့်ရဲ့အကိုကြီးက သူ့ညီလေးကို ငယ်ငယ်ကအတော်ချစ်တယ်။ ညညသူနဲ့အတူလာအိပ်ဖို့ အမျိုးမျိုးစည်းရုံးတယ်။

? ညနေမြို့ပတ်ပြီး စက်ဘီးစီးရင် ညီလေးပြုတ်ကျမှာစိုးလို့ နောက်ဖက်ကိုလက်နဲ့လှမ်းဖက်ထားတတ်တယ်။

အကိုကြီးကြောင့်ပဲ ရစ်ချတ်မျိုးသန့်ရေကူးတတ်ခဲ့တာ။ အခုလည်းဝမ်းသာအားရနဲ့ ဖုန်းကိုင်လိုက်တယ်။

“ညီလေး စားပြီးပြီလား” တဲ့။ အိမ်သာတက်နေတဲ့လူကို စားပြီးပလားဆိုတော့ အတော့်ကို ဖြေရခက်တယ်။ ?

ဘယ်လိုပြန်ဖြေရမလဲနော့်။ ဒီမှာလည်း ဖုန်းပွတ်ရင်း ဇိမ်နဲ့ညှစ်တာ ပြီးလုပြီးခင်ဖြစ်နေတာ။

မြန်မာလူမျိုးမှာ အဲ့ဒီစားပြီးပြီလားက အတော်ဖြေရခက်တဲ့မေးခွန်းပဲ။ စားပြီးပြီလို့ဖြေရင် #ဘာနဲ့စားလဲထပ်မေးသေးတယ်။

အခုလည်း အမေရိကကနေ ညီလုပ်သူဆီဖုန်းဆက်တာ “ညီလေး စားပြီးပြီလား” တဲ့။ အတော့်ကို အရေးကြီးတဲ့စကားပဲ။

ရစ်ချတ်မျိုးသန့်က သူ့အကိုကို စကားလွှဲပြီးပြန်မေးတယ်။ “ကိုကြီးဒီနေ့ဆေးရုံကစောစောပြန်လာတာလား❓”

အဲ့ဒီတော့ အကိုကြီးက အမေရိကားမှာ ကိုဗစ်လူနာတွေ ခုတလောများနေကြောင်း သူတို့ဆေးရုံက ICU ထဲမှာဘယ်လို ဘာညာနဲ့ ညီအကိုနှစ်ယောက် ကိုဗစ်အကြောင်းတွေပြောကြတယ်။

အထူးသဖြင့် #ကိုဗစ်မှာဆီးချိုရှိသူတွေ စိတ်ပူရတယ်ပေါ့။ ပြောရင်းနဲ့ ညီလေးလည်းသတိထားလို့ပြောတယ်။

သူနဲ့တစ်ခါအတူတူသွားစစ်တာ HbA1c က 6 နည်းနည်းကျော်တာကိုး။ 6 အောက်ရောက်အောင်ပြန်ချရမယ်ပေါ့။

သူကတော့လောလောဆယ် ပလန့်ဘေ့ဒိုင်းယဒ်စားနေသတဲ့။ ဟာ … အကိုကြီး ဘာလို့အသားမစားတာလဲ မေးတော့ red meat ? က insulin resistance ဖြစ်စေသတဲ့။

ဘာမှမပူနဲ့ ရေချိုငါးကိုမြန်မာပြည်ကဝယ်စားနေတယ်လို့ပြောလိုက်တော့ ညီလေးမင်းလည်းသိတာပဲ ဧရာဝတီအထက်ပိုင်းမှာ အာဆင်းနစ်နဲ့မာကျူရီတွေ လက်လွတ်စပယ်သုံးပြီး ရွှေကျင်နေတဲ့။

ရစ်ချတ်မျိုးသန့်တစ်ယောက် ဘာပြန်ပြောရမှန်းမသိဘူး။

အဲ့ဒါနဲ့အကိုကြီးဖြစ်သူက ညီဖြစ်သူကို life style medicine နဲ့ plant based diet အကြောင်းတွေကို နာရီဝက်လောက်တရားဟောသွားတယ်။

ညီမတော်ချိုချယ်ရီကိုလည်း သူတစ်နာရီလောက်ပြောလိုက်သတဲ့။ Cho Cherry Myint လည်း  တကယ်ရွှေပေါ်ထိုးချလိုက်သလို တစ်ဝက်လောက်ကျသွားတာမျက်မြင်ကိုယ်တွေ့ပဲ။

အမှန်တော့သူက အာဏာသိမ်းကတည်းက အဓိဌာန်နဲ့ သက်သတ်လွတ်စားနေတာ။

ထားပါတော့။

အကိုကြီးဖြစ်သူနဲ့စကားပြောပြီးချိန်မှာ ရစ်ချတ်မျိုးသန့်တစ်ယောက်အတော်စိတ်ညစ်သွားတယ်။ အိမ်မှာ ရေချိုပုဇွန်တုပ်ကြီး ၆ ကောင်မနေ့ကမှ မြန်မာပြည်ကမှာထားတာ။ အဆီကိုပြည့်နေတာပဲ။

အကိုကြီးနဲ့စကားပြောပြီးကတည်းက ရစ်ချတ်မျိုးသန့်တယောက် guilty ဖြစ်တယ်လို့ခံစားနေရတယ်။ ဘာစားစားမလွတ်ဘူး။ သူကြိုက်တာတွေက အကုန် guilty ဖြစ်စရာတွေချည်းပဲ။

ဒါနဲ့နေ့လည်ကျတော့ ထမင်းထွက်ဝယ်ရင်း ငါ ပလန့်ဘေ့စ်များများစားမှဖြစ်မယ်လို့တွေးတယ်။

နေ့တိုင်းစားနေကျ ကြက်ဆီထမင်းဆိုင်ကိုရှောင်ပြီး foodcourt ဘက်ကိုထွက်လာခဲ့တယ်။

ဖြစ်ချင်တော့ foodcourt ထဲလည်းဝင်ရော ဟောင်ကောင်ဘဲကင်ဆိုင်သစ်တစ်ဆိုင်နဲ့တန်းတိုးတယ်။

နီရဲရဲဘဲကင်တွေ၊ ဝက်ခေါက်ကင်တွေ၊ ချားရှုးကင်တွေကိုကြည့်ပြီး ဗိုက်ထဲကဂွီကနဲတစ်ချက်ဖြစ်သွားတယ်။

မဖြစ်သေးပါဘူးဆိုပြီးတော့ foodcourt ကိုတစ်ပတ်ပတ်တယ်။ ဘယ်ဆိုင်ရောက်ရောက် ပလန့်ဘေ့စ်သိပ်မဖြစ်ဘူး။

ခြေထောက်ကလည်း စပါးကြီးမြွေအညှို့ခံရသလိုပဲ ဘဲကင်ဆိုင်ကိုပဲပြန်ရောက်တယ်။

နောက်ဆုံးတော့ ငါတာဝန်ကျေအောင်လိုက်ကြည့်ခဲ့သားပဲလို့တွေးပြီး ဘဲကင်၊ ချားရှုးတို့နဲ့ထမင်းမှာလိုက်တယ်။

? ဒရမ်စတစ်ပေးနော်လို့ပြောလိုက်တော့ ခြေထောက်အသားတုံးကို ခုတ်ထည့်ပေးလိုက်တယ်။

အငွေ့တထောင်းထောင်းထနေတဲ့ ဘဲကင်နဲ့ထမင်းကိုစားရင်း ရစ်ချတ်မျိုးသန့်ဘာလုပ်ရမလဲစဉ်းစားနေတယ်။

ဘဲကင်ကရေလည်မိုက်တယ်။ ချားရှုးဝက်သားကင်ကလည်း ရေလည်အရသာရှိတယ်။

ပြဿနာက ဒါတွေစားရတာ guilty ဖြစ်နေတယ်။ ကိုယ့်ဟာကိုယ်လိပ်ပြာမလုံဖြစ်နေတယ်။

?️ ပန်းကန်ထဲမှာ ဘဲကင်တွေ၊ ချားရှုးတွေပြောင်သွားချိန်မှာ ရစ်ချတ်မျိုးသန့် အလေးအနက်ဆုံးဖြတ်လိုက်တယ်။

“ငါလျော့မှ ဖြစ်တော့မယ်။”

“ငါလျော့မှ ဖြစ်တော့မယ်။”

“ငါကျိန်းသေလျော့မှ ဖြစ်တော့မယ်။”

.

.

.

.

ငါအကိုကြီးနဲ့ စကားပြောတာကို လျော့မှဖြစ်တော့မယ်။

?

Leave a Reply

Your email address will not be published.