Nanawatai ننواتې နာနာဝါးသီ

တော်လှန်ရေး

 374 Pageviews

နာနာဝါးသီ ننواتې ဆိုတာ အာဖကန်နစ္စတန်ရှိ Pashtun လူမျိုးတွေရဲ့ “#ခိုလှုံခွင့်တောင်းခံတဲ့” စကားလုံးပါ။ ?? အာဖကန်နစ္စတန်ကို တာလီဘန်တို့ (၁၀) ရက်တည်းနဲ့တက်သိမ်းနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်း (၇) ချက်ရှိပါတယ်။

(၁) နာနာဝါးသီနဲ့ခိုလှုံခွင့်တောင်းခံခြင်း၊

(၂) အာဖကန်စစ်တပ်အတွင်းခြစားပြီး စိတ်ဓာတ်ပျက်ပြားနေခြင်း၊

(၃) တာလီဘန်တို့ရဲ့ ဗျူဟာမှန်ခြင်း၊

(၄) အာဖကန်အစိုးရအဖွဲ့ရဲ့အမှား၊

(၅) အမေရိကန်တို့ရဲ့အမှား၊

(၆) NGO တွေရဲ့တိုင်းပြည်ကိုဖဲ့စားမှု၊

(၇) တာလီဘန်တို့ဝင်ငွေကောင်းကောင်းရစေတဲ့အချက်များ – တို့ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော် နာနာဝါးသီအကြောင်းပဲအရင်ပြောပါရစေ။ 1988 ခုနှစ်မှာထွက်တဲ့ The Beast of War ကိုကြည့်ဖူးကြရင် ကျောက်တုံးကြီးပေါ်မှာ ကြိုးနဲ့ချည်ထားခံရတဲ့ ဆိုဗီယက်တပ်သားကိုဗာချန်ကို Koverchenko ကို အာဖကန်မူဂျာဟစ်ဒင်တွေဝိုင်းလာတော့ ကိုဗာချန်ကိုက “နာနာဝါးသီ” လို့အော်ပြောပါတယ်။

အာဖကန်တွေမှာ နာနာဝါးသီလို့ တစ်ယောက်သောသူကပြောလာရင် ဒါမိမိအိမ်တံခါးဝကိုခေါက်ပြီး မိမိဆီမှာခိုလှုံခွင့်တောင်းခံလာရင် ခိုလှုံခွင့်တောင်းခံလာသူဟာ မိမိရဲ့ရန်သူဖြစ်ခဲ့ရင်တောင် သူ့ကိုခိုလှုံခွင့်ပေးပြီး သူ့အတွက်အသက်စွန့်တိုက်တဲ့ ဓလေ့ထုံးတမ်းရှိပါတယ်။ ဒါဟာ လေးစားစရာကောင်းတဲ့ Pashtun လူမျိုးတွေရဲ့ Pashtunwali code ဖြစ်ပါတယ်။

တာလီဘန်တို့ဟာ ၂၀၀၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို အမေရိကန်ကတောင်းချိန်မှာ မပေးပဲ ရှုံးမှာသိသိနဲ့ခံချခဲ့တာဟာ အိုစမာဘင်လာဒင်က တာလီဘန်ခေါင်းဆောင်ကြီး မူလာအိုမာကို ننواتې နာနာဝါးသီလို့ပြောပြီး ခိုလှုံခွင့်တောင်းခံထားလို့လို့ ဆိုကြပါတယ်။ အခုရက်ပိုင်းအတွင်း တာလီဘန်တွေ (၁၀) ရက်တည်းနဲ့ အမြန်ဆုံး၊ သွေးမြေကျမှုအနည်းဆုံးနဲ့အောင်မြင်တာဟာ အာဖကန်တို့ရဲ့ ننواتې နာနာဝါးသီဓလေ့ကြောင့် အဓိကဖြစ်တယ်လို့ နိုင်ငံရေးမဂ္ဂဇင်းတစ်ခုမှာ ဝါရင့်ဂျာနယ်လစ် Anatol Lieven ကရှုမြင်ပါတယ်။

✍️ ဒီအချက်ဟာအရမ်းအရေးကြီးလို့ ကျနော်ရေးရတာပါ။

✔️ တာလီဘန်တို့ဟာ ရန်သူကိုအင်အားမလုံလောက် #မပိုင်ပဲနဲ့မတိုက်ပါဘူး

✔️ စမတိုက်ခင် မင်းတို့လက်နက်ချမလားမေးပါတယ်။ အေး … ရန်သူအစိုးရစစ်တပ်က နာနာဝါးသီဆိုတာနဲ့ လာခဲ့ အကုန်လက်နက်ချပြီးအိမ်ပြန်၊ တို့နဲ့ပူးပေါင်းချင်ရင်ပူးပေါင်း။ ဒါပေမယ့် မယုံလွယ်ဘူး၊ မပေါ့ဘူး။လက်နက်မချဘူး၊ တိုက်မယ်ဆိုလို့ကတော့ ရက်ရက်စက်စက်နောင်ကျဉ်သွားအောင် တစ်စစီကိုဖြစ်သွားအောင် လုပ်ပစ်လိုက်ပါတယ်။

အာဖကန်တွေမှာ လေးစားစရာ Pashtunwali code ရှိနေတော့ အာဖကန်စစ်သားတွေကစဉ်းစားပါတယ်။ မနိုင်လောက်ဘူးဆိုရင် နာနာဝါးသီလိုက်မယ်။ အကယ်လို့များ ရှုံးသွားခဲ့ရင် ရက်ရက်စက်စက်ကိုအနွှာခံရမယ်။ အစကတော့ပြန်ချပါတယ်။ အာဖကန်စစ်တပ်ကြီးကအင်အားလည်းရှိသေးတာကိုး။ ဒါပေမယ့် အာဖကန်စစ်သားတွေသိနေတာက အကယ်လို့သာ စစ်ရှုံးစပြုရင် ဗိုလ်ချုပ်ကြီးတွေက ကိုယ်လွတ်ရုန်းပြေးကြမှာ။

ဗိုလ်ချုပ်ကြီးတွေမှာ တသက်စားမကုန်တဲ့စည်းစိမ်တွေရှိတယ်။ အသေထံမယ်အစား သူတို့ကိုထိုးကျွေးပြီး သားသမီးတွေကို နိုင်ငံခြားပို့နေကြပြီ။ အဲ့ဒီတော့ အာဖကန်စစ်သားတွေကပြန်စဉ်းစားတယ်။ ဘယ်သူ့အတွက်အသေခံတိုက်နေမှာလဲ❓စောစောစီးစီး နာနာဝါးသီလိုက်ရင် ငါ့ကိုလက်ဖျားနဲ့တောင်မတို့ဘူး။ ငါ့မှာလည်း သားနဲ့မယားနဲ့။

ဒါဆိုရင် မင်းတို့က အာဖကန်ပြည်သူတွေအတွက်မတိုက်ဘူးလားလို့ မေးရင် NGO တွေချစားမှုတွေကစလို့ ပညာတတ်ဆိုသူတွေရဲ့ အဆီဖဲ့စားမှုတွေကို သူတို့ကရွံရှာနေပြီ။

တိုင်းပြည်ထဲထည့်သမျှငွေတွေဟာ NGO တွေနဲ့ ခြစားသူတွေကြောင့် ကြက်သောက်ရေဖြစ်ကုန်တာ။ အခြေခံလက်လုပ်လက်စားက ဘာရလို့တုန်း။ဒီ NGO နဲ့ ကျန်တဲ့အကြောင်းတွေနောက်မှဆက်မယ်။ အဓိကက တာလီဘန်တွေကသိတယ်။ သူတို့အာဖကန်စစ်တပ်ကို #တွေ့သမျှသတ်ပြီးကလဲ့စားချေနေလို့ကတော့ဒီစစ်ပွဲကြီးတာရှည်သွားလိမ့်မယ်

ဒီအချက်မှာ အီရတ်ကအတွေ့အကြုံတွေပြောစရာအများကြီးရှိသေးတယ်။ အမေရိကန်တွေ အီရတ်ကိုသိမ်းတော့ အီရတ်စစ်တပ်ကြီးကို ဖျက်သိမ်းပစ်ပြီး အစကနေ သူ့လူတွေနဲ့ ပြန်ဖွဲ့တယ်။အဲ့ဒီမှာ အီရတ်မှာ ISIS တွေအင်အားကောင်းသွားတော့တာပဲ။

#စစ်တပ်တစ်တပ်ကိုဖျက်သိမ်းမယ်ဆိုရင် သေသေချာချာစဉ်းစားပါ။ #စစ်သားဟာတသက်လုံးစစ်ပဲတိုက်တတ်တယ်။ အဲ့ဒါကို အလေးအနက်ဂရုပြုပါ။ စစ်သားကိုလက်နက်သိမ်းပြီး #စစ်တပ်ကိုဖျက်ပစ်လိုက်တိုင်းရန်ကအေးမသွားဘူး။စစ်တပ်တစ်တပ်ကို ဖျက်သိမ်းရင်စနစ်တကျဖျက်သိမ်းပြီး #သူတို့ကိုအလုပ်အကိုင်ရှာဖွေစီစဉ်ပေးရတယ်။ ဆရာကြီး Akira Kurosawa ရဲ့ Stray Dog ဆိုတဲ့ ရုပ်ရှင်ကိုကြည့်ဖူးရင်သိမှာပါ။ ဒုတိယကမ္ဘာစစ်ပြီးတော့ စစ်ရှုံးပြီးအိမ်ပြန် လာတဲ့စစ်သားတွေဟာ လုပ်ကိုင်မစားတတ်တဲ့အခါမှာ ယာကူဇာတွေဖြစ်ကုန်တာတွေ၊ ငွေအရမ်းလိုလာချိန်မှာ လက်နက်အားကိုးနဲ့ ဓားပြတိုက်တာတွေဖြစ်လာပါတယ်။

အခုအာဖကန်ကိစ္စပြန်ဆက်ရရင် ယခုအချိန်မှာ တာလီဘန်တွေဟာ လက်နက်ချသူကို အကောင်းဆုံး treat လုပ်တယ်။ လက်နက်မချသူကို စုတ်ပြတ်သတ်ပြီး စစ်တန်းလျားမှာ အစတောင်ရှာမရအောင်လုပ်ပစ်ခဲ့တယ်။ အဲ့ဒီမှာ တပ်စပျက်လာတဲ့ အာဖကန်စစ်တပ်ကြီးဟာ ရက်ပိုင်းအတွင်းအားလုံးလက်နက်ချသွားတော့တာပဲ။တာလီဘန်တွေ တိုင်းပြည်ကိုတကယ်ထိန်းနိုင်မထိန်းနိုင်က စောင့်ကြည့်ရပါမယ်။ သူတို့တကယ်အာဖကန်ကို ထူထောင်နိုင်မယ်လို့ ပြောလို့မရသေးဘူး။ သင်ခန်းစာယူစရာများကတော့ …

▪️တာလီဘန်တွေ #ဘယ်လိုလျှင်လျှင်မြန်မြန်အောင်မြင်ခဲ့သလဲကို သင်ခန်းစာယူရပါမယ်။

▪️ကလဲ့စားချေတာထက် ရေရှည်ကိုကြည့်ပြီး ရန်သူ့အင်အားကို ကိုယ့်အင်အားဖြစ်အောင်လုပ်နိုင်ဖို့ ပါတယ်။ ဒီအချက်ကို ဆွမ်ဇုကလည်း ပြောခဲ့ဖူးပါတယ်။

▪️အမေရိကန်တို့ အီရတ်မှာစစ်တပ်ဖျက်သိမ်းခဲ့ရာမှာ မှားခဲ့တဲ့အမှားတွေကို သင်ခန်းစာယူရပါမယ်။

အရေးအကြီးဆုံးအချက်ကိုပြောပါမယ်။

? တာလီဘန်တွေမှာ #လက်ထဲမှာတူမီးသေနတ်နဲ့ အာဖကန်စစ်တပ်ကို နာနာဝါးသီမလုပ်ခိုင်းပါ။ တူမီးနဲ့သွားပြီးရန်သူကိုစေ့စပ်ဆွေးနွေးရင် ရှိသမျှအကုန်ပြောင်အောင် အသက်တွေပေးဆပ်ရပါလိမ့်မယ်။

? ကိုယ့်လက်ထဲမှာ အေကေ-၄၇ လောက်မှမရှိရင် ရန်သူကိုရင်ဆိုင်အနိုင်ယူဖို့ စိတ်ကူးမယဉ်ပါနဲ့။ (ဒါဟာခါးသီးတဲ့အမှန်တရားပါ။) ရန်သူကိုစေ့စပ်ရင် တာလီဘန်တို့ကဘယ်တော့မှ ပေါ့တီးပေါ့ဆမလုပ်ပါ။ #တာလီဘန်တို့သည်ဘယ်သူ့ကိုမှမယုံပါ။ Negotiation စေ့စပ်ခြင်းသီအိုရီမှာ ကိုယ့်နေရာကို ရန်သူကိုခေါ်ပြီးစေ့စပ်ရပါတယ်။ ရန်သူ့ဆီသွားပြီး မစေ့စပ်ရပါ။ ရန်သူရဲ့ကတိကိုယုံပြီး ပေါ့ပေါ့ဆဆနေမိရင် အသက်ပေါင်းများစွာပေးဆပ်ရလေ့ရှိပါတယ်။ အပေါ်ကအချက်တွေကို သေသေချာချာပြန်ဖတ်ပါ။

ထပ်ပြောပါမယ်။ တာလီဘန်တွေမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။ တော်လှန်ရေးအောင်မြင်ချင်ရင် စည်းကမ်းရှိတဲ့တပ်တစ်ခုကို ထူထောင်ရပါမယ်။

▪️တာလီဘန်တွေဟာ #အရက်သေစာလုံးဝမသောက်စားပါ။ မူးယစ်ဆေးဝါးမသုံးစွဲပါ။ သူတို့ဝင်ငွေရဖို့ ဘိန်းသာစိုက်ပျိုးထုတ်လုပ်ပါတယ်။ သူတို့မသုံးပါ။

ထပ်ပြောပါမယ်။ တော်လှန်ရေးမပြီးမခြင်း မူးယစ်ဆေးဝါး အရက်ကစလို့မသောက်သုံးပါလို့ သန္နိဌာန်ချပါ။ ဒါဟာ ရီစရာမဟုတ်ပါ။ တကယ်လိုအပ်လို့ပြောတာပါ။ ကျနော်တို့မှာ အရက်ကိုလူစုံရင် ပုလင်းထောင်တဲ့အကျင့်ရှိပါတယ်။

အဲ့ဒါကြောင့် နောက်ဆက်တွဲမှားတဲ့အမှားတွေတပြုံကြီးပါ။ အခုရက်တင်ပြန်ကြားရတာမနည်းပါ။ ဒီရက်စာရေးဖို့အချိန်သိပ်မရလို့ ဒီမှာရပ်ခွင့်ပြုပါ။

Leave a Reply

Your email address will not be published.