မြန်မာစကစခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့ မဖိတ်ကြားရန်အာဆီယံအဖွဲ့အတွင်းဆွေးနွေး

တော်လှန်ရေး

?? မြန်မာစစ်တပ်ဟာ သဘောတူထားတဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိရေးလမ်းပြမြေပုံအတိုင်း တိုးတက်မှုတွေပြုလုပ်ရန်ပျက်ကွက်တဲ့အတွက် ဒီလထဲမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့အာဏာသိမ်းစစ်ခေါင်းဆောင်အား မဖိတ်ကြားရန် အာဆီယံအဖွဲ့အတွင်းတိုင်ပင်ဆွေးနွေးနေတယ်လို့ အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof ကဆိုပါတယ်။

အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုထားတာကို

မြန်မာစကစဘက်က အကြောင်းမပြန်သေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံတကာမှာမဟုတ်တောင် အိမ်နီးချင်းတွေကြားထဲမှ လူရာဝင်ချင်လှတဲ့မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အတွက်တော့ မျက်နှာပန်းမလှမယ့်ကိစ္စဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က မီတင်မှာ မြန်မာစကစရဲ့လုပ်ရပ်တွေကို အာဆီယံဝန်ကြီးတွေကစိတ်ပျက်ကြောင်း ထုတ်ပြောခဲ့ကြတာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က Twitter မှာ မြန်မာ SAC ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်စေဖို့ခက်မယ်လို့ ရေးခဲ့ပါတယ်။

အာဆီယံအကြားတောင်လူရာမဝင်ရင် ကုလသမဂ္ဂမှာထောက်ခံမှုရဖို့ ပိုခက်သွားပါလိမ့်မယ်။ အာဆီယံကတောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ကိုပေးဖို့ကလည်း ဆုတ်လည်းဆူးစားလည်းရူးဖြစ်နေတဲ့ပုံပါ။

အာဆီယံအနေနဲ့မြန်မာပြည်တွင်းစစ်မီးကိုဒီ့ထက်ပိုမကြီးအောင် မြန်မြန်ငြိမ်းသတ်ချင်နေပါပြီ။ ဒီလိုငြိမ်းသတ်ဖို့ရာကလည်းဒေါ်အောင်ဆန်းစုကြည်ကပဲတတ်နိုင်လိမ့်မယ်လို့ အာဆီယံကမြင်ထားပုံရပါတယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းရေးတွေလုပ်မှရပါမယ်။ အာဆီယံကလည်းဒီလမ်းကြောင်းကိုဦးတည်စေချင်တဲ့ပုံပါ။ စကစအတွက် ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးလိုက်တာနဲ့ သူစွပ်စွဲထားတာတွေကို မမှန်ဘူးလို့ ပြန်ပြောသလိုဖြစ်နေတယ်။ မလွှတ်ပေးပဲဆက်တရားစွဲလေ အာဆီယံလိုချင်တဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ အလှမ်းဝေးရာကို ခြေကုန်သုတ်ပြေးသလိုဖြစ်နေပြန်တယ်။

တဖက်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူလွှတ်ထားတဲ့ခွေးတွေ ရမ်းချင်တိုင်းရမ်းကားနေတာကို မထိန်းနိုင်ဖြစ်နေပါတယ်။ သူ့ခွေးတွေကို လုပ်ချင်တိုင်လုပ်ဆိုပြီးလွှတ်ထားရာက ပြန်ထိန်းရင် အောက်ခြေမှာမကျေနပ်မှုတွေပေါ်လာနိုင်တယ်။ မထိန်းပဲဆက်လွှတ်ထားရင် ခွေးရူးလို နေမြင့်လေအရူးရင့်လေ ဆိုးချင်တိုင်းဆက်ဆိုးကာ မြန်မာစကစဟာ နာမည်ပျက်သထက်ပိုပျက်ဖို့ပဲရှိတော့တယ်။

ရိုဟင်ဂျာပြဿနာမှာ ဘယ်လောက်လက်လွန်ခြေလွန်လုပ်ခဲ့တယ်ဆိုတာက ရန်ကုန်မြို့လယ်ခေါင်မှာ ဆရာဝန်နဲ့သူနာပြုကိုသတ်ပစ်ခဲ့တာကနေ နောက်သက်သေတွေထူပေးနေတယ်။ အစကတည်းကမလျှောက်ရမယ့်လမ်းကို မိုက်မိုက်ကန်းကန်းလျှောက်ခဲ့သူတစ်ယောက်ဟာ ငရဲပြည်ကိုသွားရာလမ်းမှာ လူတွေဘယ်လောက်ကိုထပ်ဒုက္ခပေးအုံးမလဲမသိရပါ။

သို့သော် ဆက်မိုက်လေ နဂိုကတည်းကမရှင်းနိုင်တဲ့ပြဿနာအထုပ်ကြီးကိုပိုရှုပ်အောင်လုပ်လေဖြစ်ပြီး သူခိုးဘဝကနေ ဓားပြ၊ ဓားပြဘဝကနေတောပုန်းဖြစ်လာနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

လူတချို့ရဲ့ အပေါ်ယံစကားနဲ့ မျက်နှာဖုံး ပရိုဖိုင်တင်ထားသလို ပြောရရင်”ကံကောင်းပါစေ မြန်မာပြည်”။ 

Leave a Reply

Your email address will not be published.