“မမြဲသောအရာကိုဖက်တွယ်ထားသလား ဆန်ချီရို”

တော်လှန်ရေး အတွေးအမြင်

 

ဒါပေမယ့် ရက်စက်မိုက်မဲတဲ့ရှိုးဂန်းလက်ထက်မှာ တတိုင်းပြည်လုံးကြိမ်မီးအုံးသလိုဖြစ်နေတယ်။ပြည်သူပြည်သားအားလုံးဟာ မခံမရပ်နိုင်ဖြစ်လာကြတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာပုန်ကုန်ထကြွကုန်ပြီ။ဆန်ချီရိုနယ်မှာလည်းပုန်ကုန်ထကြွမှု မကြုံစဖူးဖြစ်တဲ့အတွက် ရှိုးဂန်းရဲ့ခေါ်ယူကြိမ်းမောင်းခြင်းခံရတယ်။        

          သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နယ်တစ်နယ်ကိုစားရတဲ့ နယ်စားတစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီတုန်းက သူ့နယ်မှာတော့သူဟာ ဘုရင်ပဲ။   ဆန်ချီရိုဟာ သူ့ဇက်နဲ့ဝမ်းဗိုက်ကိုသူ မကြာခဏပြန်ပြန်ပြီးစမ်းကြည့်မိတယ်။ သူ့အနေနဲ့ ယခုပုန်ကန်ထကြွမှုကိုအပြတ်နှိမ်နင်းနိုင်မှ ခေါင်းနဲ့ကိုယ်နဲ့မြဲမယ်။

         မနှိမ်နင်းနိုင်လို့ကတော့ ကိုယ့်ဟာကိုဗိုက်ဖွင့်ပြီး ဟီရကိရိလုပ်ရင်လုပ်၊ ရှိုးဂန်းဒေါသထွက်လွန်းရင် ဟီရကိရိလုပ်ခွင့်တောင်မရရင်ပဲ ဇက်ကိုပိုင်းပြီးစီရင်ခံရနိုင်သေးတယ်။

         အဲ့ဒီတော့ ဆန်ချီရိုရဲ့ဇက်ပေါ်မှာရှိနေတဲ့ အထုပ်ကြီးကအလေးကြီးဖြစ်နေတယ်။ သူ့အနေအထားက အချိန်မရွေးဇက်ပြုတ်သွားနိုင်တဲ့အနေအထား။

         ပြဿနာက ဆန်ချီရိုက ပြည်သူလူထုရဲ့ပုန်ကန်ထကြွမှုကိုနှိမ်နင်းနိုင်ဖို့က အရင်လိုမချောင်တော့ဘူး။ မတရားမှုကြောင့်ပြည်သူလူထုကသေမထူးနေမထူးလို့ခံစားနေကြရပြီ။

         ပြည်သူလူထုကိုအင်နဲ့အားနဲ့ဆက်နှိမ်နင်းဖို့ ရှိုးဂန်းကလေနဲ့သာအမိန့်ပေးနေတာ သူမှာလည်းလုံးပါးပါးပြီး ရုပ်ကတနေ့တခြားသူအိုမကြီးရုပ်ပေါက်နေပြီ။

         ရှိုးဂန်းရဲ့မိစ္ဆာရုပ်ကိုကြည့်ရင်း ဆန်ချီရိုတယောက်ဒုက္ခသစ္စာကိုသဘောပေါက်မလား? သူ့လက်ရှိပရက်ရှာနဲ့ဒုက္ခကိုစဉ်းစားပြီး ဒုက္ခသစ္စာကိုရှုရမလားမသိတော့ဘူး။

         တဖက်ကလည်းအခုလိုပြည်သူလူထုကို ရက်ရက်စက်စက်အကြမ်းနှိမ်နင်းနေတာတွေဟာ မှတ်တမ်းဝင်သထက်ဝင်လာပြီ။

         သူလုပ်သမျှကို ကံကြမ္မာရဟတ်တပတ်လည်တာမလည်တာအပထား။ တနေ့မှာ တရားစွဲခံရပြီး ခုံရုံမတက်ရဘူးလို့မပြောနိုင်ဘူး။

         ပြီးတော့ ရက်စက်ကြမ်းကြုတ်ပြီး ရှိုးဂန်းအကြိုက်လုပ်ပေးကာ မရှိရှိတဲ့အင်အားစုပြီး သူကိုယ်တိုင်ထွက်တိုက်ပြီး အနိုင်ရခဲ့ရင်တောင် တနေ့မှာ ဂန်းကသူ့ကိုထိုးမကျွေးဘူးလို့မပြောနိုင်ဘူး။

         အခုက ဆန်ချီရိုရဲ့နယ်တင်မဟုတ်ဘူး။ အခြားနယ်တွေမှာပါပုန်ကန်ထကြွနေတာ။ ရှိုးဂန်းတောင် သူ့ခေါင်းကိုကြိုးယောင်ပြီးလာပတ်မလားလို့ ညညအလမ့်တကြားဂယောင်ဂတမ်းအိပ်မက်မက်ပြီး လန့်လန့်နိုးနေတာ။

         အခုအခြေအနေက ဒီနေ့ရွှေ၊ နက်ဖြန်ငွေဖြစ်နိုင်တဲ့အခြေအနေ။ သူတောင်လွန်ခဲ့တဲ့ (၅) နှစ်က အခုလိုပရက်ရှာမျိုးခေါင်းပေါ်ကျလာလိမ့်မယ်လို့ ယောင်လို့တောင်အိပ်မက်မက်ဖူးခဲ့တာမဟုတ်ဘူး။

         အဲ့ဒီတုန်းကရတဲ့လာဘ်လာဘရယ်၊ ရာထူးအရှိန်အဝါကိုမက်ပြီး အဘမြှောက်ပေးသမျှအကုန်လုပ်မယ်လို့တွေးထားခဲ့တာ။

         အခုတော့ အဘကသူ့ကိုငရဲပြည်ကိုအရှင်လတ်လတ်ပို့နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ်သူလုပ်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် လက်သည်ရှာပြီးထိုးကျွေးဖို့ အဘကတစ်ချက်လေးတောင်ဝန်လေးမှာမဟုတ်ဘူးဆိုတာ ဆန်ချီရိုသိနေတယ်။

ဆန်ချီရို – ဘာကိုမက်နေသလဲ?

  • ရှေ့ဆက်မိုက်ရင်လည်းငရဲပြည်ဘက်။
  • မအောင်မြင်ရင်လည်း ဇက်နဲ့ဗိုက်ဘယ်နေရာလဲ ပြုတ်မလားပွင့်မလားတစ်ခုခုပဲ။

ဒါမှမဟုတ်တတိယလမ်းကိုရွေးမလား❓

  • ပြည်သူလူထုတောင်လက်နက်မရှိပဲ မတရားမှုကို ခေါင်းငုံ့မခံပဲပုန်ကန်ထကြွရဲတာ။ သူရော ….
  • အကယ်လို့အောင်မြင်သွားခဲ့ရင် … သေရင်မြေကြီး … ရှင်ရင်ရွှေထီး။ အခုနေစောစောစီးစီးထပြီး မတရားမှုကို ဦးဆောင်ဦးရွက်တော်လှန်နိုင်ခဲ့ရင် တနေ့မှာ သူရှိုးဂန်းတောင်ဖြစ်နိုင်တယ်။

ဒါဆိုရင် သူဘာကိုတွန့်ဆုတ်နေတာလဲ❓

  •          ဘယ်လိုပဲဖြစ်ဖြစ် သူဟာမတရားတဲ့ရှိုးဂန်းလူမိုက်နောက်ကလိုက်ပြီး ပြည်သူလူထုကိုသတ်ဖြတ်တဲ့အတွက် ဆာမူရိုင်းကုဒ်ကို ဖောက်ဖျက်ခဲ့ပြီးပြီ။
  •          အခုတောင် ဆာမူရိုင်းတို့အသက်နဲ့လဲအပ်တဲ့သိက္ခာလျော့ကျခဲ့ပြီ။ ရှေ့ဆက်မိုက်ရရင် ဆာမူရိုင်းတို့အသက်နဲ့လဲအပ်တဲ့သိက္ခာဆိုတာတစ်ပြားသားမှကျန်တော့မှာမဟုတ်ဘူး။
  •          ဆန်ချီရိုတွေးရင်းတွေးရင်းနဲ့ ချွေးဒီးဒီးကျလာတယ်။
    1. မျက်စိထဲမှာလည်း ရှိုးဂန်းဆီသွားတုန်းက ရှိုးဂန်းလက်သပ်မွေးထားတဲ့ခွေးအဖြစ်ကို ပြန်မြင်ယောင်နေမိတယ်။   
    2. ရှိုးဂန်းက သူ့ခွေးကြီးကိုယုန်ကိုပြေးလိုက်ခိုင်းတယ်။ ဖြစ်ချင်တော့ ခွေးကဆူးခြုံထဲဝင်သွားတဲ့ယုန်ကိုရအောင်မဖမ်းနိုင်ဘူး။
    3.  ရှိုးဂန်းက အသုံးမကျရကောင်းလားဆိုပြီး လေးနဲ့လှမ်းပစ်တယ်။ မသေမရှင်ဖြစ်နေတဲ့ခွေးကို ကြာပွတ်နဲ့ခွေးကိုရိုက်သေးတယ်။

         နောက်ခွေးတစ်ကောင်ကိုထပ်လွှတ်တော့ ပထမခွေးအဖြစ်မြင်ထားတဲ့ဒုတိယခွေးက ဆူးခြုံထဲကို စုတ်ပြတ်သတ်ခံကာ အနာခံဝင်တိုးပြီးယုန်ကိုကိုက်ချီလာတယ်။  ရှိုးဂန်းကအားရကျေနပ်ပြီးစားလက်စ ကြက်ပေါင်ကအရိုးကိုချကျွေးလိုက်တယ်။

အသက်ဘေးရန်ကိုကြောက်ပြီး အနာခံယုန်ကိုရအောင်ယူပြီးမှ အရိုးအရင်းပဲရသတဲ့လား❓

ငါရောရှိုးဂန်းရဲ့ခွေးဖြစ်နေပြီလား❓

ငါဘာကိုဖက်တွယ်နေတာလဲ❓

အင်း … လက်ရှိရာထူးလေး၊ အသက်အိုးအိမ်စည်းစိမ်လေး။

တကယ်တော့ဆန်ချီရိုဟာ မမြဲတဲ့တရားကိုသူဖက်တွယ်ထားတယ်ဆိုတာ လုံးလုံးမေ့နေတယ်။

အရိုးကိုမက်နေသ၍ ခွေးဖြစ်နေအုံးမယ်။ အချိန်မရွေးအသုံးမကျမှုနဲ့ လေးနဲ့အပစ်ခံရအုံးမယ်ဆိုတာကိုမေ့နေတယ်။

ဒီရှိုးဂန်းဟာလည်း မမြဲဘူးဆိုတာကိုသာ သူသိခဲ့ရင် …

Leave a Reply

Your email address will not be published.