တောပုန်းကြီး
693 Pageviews
693 Pageviews ရွက်ဖျင်တဲထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်း ရုတ်တရက်လန့်နိုးလာတယ်။ ဘာသံမှကြားလို့မဟုတ်ဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာတောထဲမှာ သတိနဲ့လူသားစားကျားတွေကိုရင်ဆိုင်နှိမ်နင်းခဲ့တဲ့ အတွေ့အကြုံအရ အန္တရာယ်ဟာ လက်တစ်ကမ်းအကွာမှာရောက်နေတယ်ဆိုတာကို သိလိုက်တယ်။ အိပ်ရာဘေးမှာကျည်ထည့်ပြီးအဆင်သင့်မောင်းထိုးထားတဲ့ရိုက်ဖယ်သေနတ်ဆီလက်ကအလိုလိုရောက်သွားချိန်မှာပဲ ရွက်ဖျင်တဲအဝကနေ “မလှုပ်နဲ့” ဆိုပြီးအမိန့်ပေးတဲ့အသံကိုကြားလိုက်ရတယ်။ ကျနော့်ရွက်ဖျင်တဲအဝမှာ အရိပ်တစ်ခုကမားမားမတ်မတ်ရပ်နေပါတယ်။ လက်ထဲမှာ ၁၂ ဗို့သေနတ်ကကျနော့်ဆီကိုချိန်ထားပါတယ်။ ဗိုလ်ဂေါ်ပြားရောက်နေပါပကော။ ကောဗရီမြစ်နားက ချိုင်နားမြစ်ကမ်းဘေးရှိ ၁၂ ဧကရှိတဲ့ကျနော့်ရဲ့စိုက်ခင်းကိုအလည်သွားချိန်မှာ ကျနော့်ရဲ့စိုက်ခင်းစောင့်’ရမ်ဂ’က ခြံထဲမှာရွက်ဖျင်တဲမထိုးပဲ သူနဲ့လာအိပ်ဖို့ခေါ်ပါတယ်။ ဆင်ဆိုးရှိတယ်ဆာဟစ် (Sahib ဆိုတာသခင်/အကြီးအကဲလို့ ကိုလိုနီခေတ်ကလေးစားသမှုနဲ့ခေါ်တာပါ) တစ်ယောက်တည်း Tent ထိုးအိပ်ရင်အန္တရာယ်များတယ်။ ဆင်ဆိုးရှိကြောင်းမကြားမိသလို ဒီအချိန်ဟာဒီချိုင်နားမြစ်ထဲမှာရေတစ်စက်မှမရှိတဲ့နွေရာသီဖြစ်ပြီး ဆင်တွေကကောဗရီမြစ်ဖက်မှာပဲရှိတဲ့အချိန်ပါ။ နောက်ဆုံးတော့ရမ်ဂက အသံခပ်အုပ်အုပ်နဲ့ Mumptyvayan ဗိုလ်ဂေါ်ပြားဒီနားမှာရှိနေတယ် ဆာဟစ်လို့ပြောပါတယ်။ ဟာ … အဆင်ပြေတာပေါ့။ မန်မတီဗရမ်း Mumptyvayan ဗိုလ်ဂေါ်ပြားကိုငါတွေ့ချင်တယ်လို့သွားပြောလိုက်ကွာ။ အမလေး … ဆာဟစ်သခင်ရယ် ကျနော်ကတောပုန်းဓားပြဗိုလ်နဲ့ ဘယ်လိုလို့ပတ်သက်မှာလဲလို့ သူ့ကိုယ်သူအရိုးသားဆုံးလူတစ်ယောက်ပုံနဲ့ ရမ်ဂကပြန်ဖြေပါတယ်။ တကယ်တော့ရမ်ဂကလည်းခေသူမဟုတ်ပါ။ ထောင်ကျဖူးသူပါ။ အမှုကတော့သူ့ပထမမိန်းမကိုသတ်မှုပါ။ အဲ့ဒီအမှုမှာသူသတ်တယ်ဆိုတာ ရဲကသဲလွန်စဖော်လိုက်နိုင်ပြီး ကံကောင်းလို့ကြိုးပေးမခံရတာပါ။ ဒုတိယမိန်းမမှာတော့ သူနဲ့ပြဿနာတက်ချိန်မှာ လက်စမပေါ်ပဲသူရှင်းလိုက်နိုင်ပါတယ်။ ရဲကသူ့မိန်းမရဲ့ဦးလေးကိုခေါ်စစ်လေရဲ့။ ဒီလိုပဲ တောမှာကတော့ ဘယ်သူမှမျက်မြင်သက်သေမရှိတော့ မိန်းမနှစ်ယောက်စလုံးကို သူသတ်တယ်လို့ပဲသံသယရှိကြပြီး ဘယ်သူမှတပ်အပ်မပြောနိုင်ဘူးမလား? အဲ … ရမ်ဂကတတိယမိန်းမကိုတော့မသတ်ဘူးခင်ဗျ။ စတုတ္ထမိန်းမထပ်ယူပြီး သူတို့အချင်းချင်းနောင်ဂျိန်သတ်ခိုင်းလိုက်တယ်။ သူက နံပါတ် ၅ နဲ့အလုပ်ရှုပ်နေလေရဲ့။ရမ်ဂက အဲ့လိုအကောင်။ တောရွာတွေမှာကဆင်းရဲတော့ ရမ်ဂလိုအလုပ်ကလေးအကိုင်လေးနဲ့အကောင်အတွက် မိန်းမပေါပါတယ်။ ကျနော်တို့ကသာ မိန်းမတစ်ယောက်နဲ့လုံးလည်ချာလည်လိုက်နေတာ ရမ်ဂအတွက်ကတော့ မိန်းမထပ်ရှာတာ ခေါက်ဆွဲစားချင်လို့ instant noodle ယမ်ယမ်ခေါက်ဆွဲထုပ်ဖောက်ပြီးပြုတ်ရသလောက်မကြာပါ။ ထားပါတော့ … စောနကအကြောင်းပြန်ဆက်ရရင် မန်မတီဗရမ်းဆိုတာ ဗိုလ်ဂေါ်ပြားလို့အဓိပ္ပာယ်ရပါတယ်။ ဗိုလ်ဂေါ်ပြားမှာနားထင်အထိကော့ထောင်နေနဲ့မုတ်ဆိတ်မွေးနှစ်ဖက်ရှိပြီး နဖူးပြောင်တာကြောင့် ဂေါ်ပြားရုပ်ပေါက်နေလို့ပါ။ 🇮🇳 အိန္ဒိယအစိုးရရဲတပ်ဖွဲ့ရဲ့ဝရမ်းပြေးစာရင်းထဲမှာဒီလိုရေးပါတယ်။ နာမည်အရင်းSelvaraj အသက် ၃၆ နှစ်၊ အရပ် ၅ ပေ ၇ လက်မ၊ ညာမျက်လုံးထောင့်ကနေနားရွက်အထိ ထင်ရှားတဲ့အမာရွတ်ရှိလို့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယရဲမှတ်တမ်းမှာမပါတာက ဗိုလ်ဂေါ်ပြားဟာမရှိဆင်းရဲသားတွေရဲ့ချစ်ခင်လေးစားခံရတဲ့ အိန္ဒိယတောင်ပိုင်းကရော်ဘင်ဟုတစ်ယောက်ဆိုတဲ့အချက်ပါပဲ။ ဗိုလ်ဂေါ်ပြားဟာချမ်းသာပြီးလောဘကြီးတဲ့လူကုံထံတွေကိုသာရွေးဓားပြတိုက်ပြီးမရှိဆင်းရဲသားတွေကိုဝေငှပေးနေသူပါ။ အိန္ဒိယမြောက်ပိုင်းမှာရော်ဘင်ဟုအဖြစ် ဗိုလ်ဂေါ်ပြားထက်နာမည်ကြီးတာကတောပုန်းကြီးမန်ဆင်းပါ။ (တောပုန်းကြီးမန်ဆင်း Man Singh အကြောင်းကိုတော့ ၁၉၇၅ ခုနှစ်မှာ Sholay ရှိုးလေးဆိုပြီးရုပ်ရှင်ပြန်ရိုက်ထားကာ မင်းသားကြီးအမိတာဘဂျမ်းက Jai အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဟိုခေတ်ကရုပ်ရှင်ရုံပြည့်ရုံမကရုံလျှံခဲ့တဲ့ မြန်မာတွေအကြိုက်ဇာတ်ကားတစ်ကားပါ။) အခုဗိုလ်ဂေါ်ပြားအကြောင်းဆက်ရရင် သူ့အကြောင်းခဏခဏကြားတာရယ် ကျနော်ကလည်းဒီနယ်မှာတကိုယ်တည်းသွားလာနေသူဆိုတော့ သူနဲ့တွေ့ဖူးချင်ပါတယ်။ တစ်ခါကဆည်ဆောက်ရန်တိုင်းတာဖို့ မျက်နှာဖြူအင်ဂျင်င်နီယာတစ်ယောက်နဲ့သူ့ကိုယ်ရံတော်အစောင့်တစ်ယောက်ရောက်လာပါတယ်။ ကျနော်ကသစ်တောတွေကိုရှင်းပြီးဆည်ဆောက်တာမကြိုက်တာနဲ့ သွားတွေ့ပါတယ်။ အဲ့ဒီလိုသွားတွေ့ချိန်မှာ မျက်နှာဖြူအင်ဂျင်နီယာရဲ့လက်နက်ကိုင်အစောင့်နဲ့တွေ့တော့ဗိုလ်ဂေါ်ပြားအကြောင်းစကားစပ်မိပြီး ကျနော်ကဗိုလ်ဂေါ်ပြားကိုမြင်ဖူးချင်ကြောင်းပြောပြမိပါသေးတယ်။ မျက်နှာဖြူအင်ဂျင်နီယာက သူလည်းစိတ်ဝင်စားပြီးတွေ့ဖူးချင်ကြောင်းကျနော်တို့ကိုရယ်ရယ်မောမောဝင်ပြောပါတယ်။ အမလေး … ဆာဟစ်သခင်ကြီးတို့ရယ် ကျနော်ကသူနဲ့တွေ့မှာကြောက်လွန်းလို့။ အန္တရာယ်များပါဘိသနဲ့တွေ့ဖို့မကြိုးစားပါနဲ့လို့ အစောင့်ကပျာပျာသလဲပြောဆိုပါတယ်။ ကျနော်ကတော့ဒေသခံတွေသူရဲကောင်းလို့ပြောနေတဲ့ ရော်ဘင်ဟုတစ်ယောက်ကိုကိုယ်တွေ့မိတ်ဖြစ်ဆွေဖြစ်တွေ့ဖူးချင်တာပါ။ ဟော … ကျနော်တွေ့ဖူးချင်တဲ့ ဗိုလ်ဂေါ်ပြားဟာ ကျနော့်ရွက်ဖျင်တဲဝမှာရောက်နေပါပြီ။ လသာတဲ့ညမို့ ဗိုလ်ဂေါ်ပြားကိုရွက်ဖျင်တဲဝမှာသေသေချာချာမြင်ရပါတယ်။ ကာကီရှပ်အင်္ကျီနဲ့ ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွေးကားကားကြီးနဲ့ ကျည်ဆံခါးပတ်ကြီးကိုပခုံးသိုင်းပြီးလွယ်ထားပါတယ်။ နောက်ပခုံးတစ်ဖက်မှာမှန်ဘီလူးတစ်ခုကို လယ်သာသားရေအိတ်နဲ့ထည့်ပြီးဆွဲထားပါတယ်။ ခါးမှာဓားမြှောင်တစ်လက်နဲ့ သူ့လက်ထဲက ၁၂ ဗို့သေနတ်ကကြေးရောင်သေနတ်ပြောင်းကို လရောင်ထဲမှာလက်ကနဲတွေ့လိုက်ရပါတယ်။ “White man မျက်နှာဖြူ …. အသက်မသေချင်ရင် လက်ကိုအပေါ်မြောက်ထား၊ ရှိတဲ့ငွေအကုန်ထုတ်၊ ပြီးရင်ကြမ်းပြင်ပေါ်မှာမှောက်နေ၊ လုံးဝမော့မကြည့်နဲ့ သေသွားမယ်။” ကျနော်ကသူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ရင်း “ငါမင်းကိုသူရဲကောင်းတစ်ယောက်အနေနဲ့ကြားထားပြီး မိတ်ဆွေတစ်ယောက်အနေနဲ့တွေ့ချင်ခဲ့တာ။ အခုတော့မင်းကရဲတွေပြောသလို သူခိုးဓားပြပါပဲလားကွ!” သူကရှူးရှူးရှဲရှဲတစ်ချက်ဖြစ်သွားက သေနတ်ကိုမြှောက်ကာ မောင်းတင်လိုက်ပါတယ်။ “မင်းငါ့ကိုပစ်သတ်ရင်ပြဿနာအရမ်းကြီးသွားမယ်။ မျက်နှာဖြူတစ်ယောက်ကို မန်မတီဗရမ်းက ဓားပြတိုက်ပစ်သတ်သွားတယ်ဆိုရင် သတင်းစာတွေထဲမှာဟိုးလေးတကျော်ဖြစ်သွားပြီး တတိုင်းပြည်လုံးသိသွားလိမ့်မယ်။ အဲ့ဒါဆိုရင် မိုးမီးလောင်ပြီ။ သတင်းစာတွေကပိုပိုသာသာဖွတာနဲ့ မင်းကိုအသေရရအရှင်ရရ ရဲကဆုကြေးတိုးထုတ်တော့မယ်။ သတင်းစာကမရေးဘူးပဲထား မျက်နှာဖြူတစ်ယောက်ကိုသတ်မှုဖြစ်လို့ ရဲမင်းကြီးကလူသတ်ကောင်ကိုမဖမ်းဆီးနိုင်ရင် အရှက်အကြီးအကျယ်ကွဲပြီ။ အဲ့ဒီတော့မင်းကိုတွေ့ရာသင်္ချိုင်းဓားမဆိုင်းလိုက်တော့မယ်။ ဆုကြေးတွေတနင့်တပိုးထုတ်တော့မယ်။ မင်းကိုအခုချစ်ခင်ပါတယ်ဆိုတဲ့ မင်းအနားကလူတွေက “သိန်း ၃၀၀ ပေးရင် မောင်ကျော်ဘယ်မှာလဲဖော်မယ့်” ငွေနောက်လိုက်မယ့်အောက်တန်းစားအကောင်တွေချည်းပဲ။ ရဲကမဖမ်းဘူးပဲထားပါအုံး။ ငါ့လိုဒေသခံတွေနဲ့အတူလက်ပွန်းတတီးတသားထဲနေပြီးလူသားစားကျားရန်ကနေ သူတို့ကိုကာကွယ်နှိမ်နင်းပေးနေတဲ့သူတစ်ယောက်ကိုဓားပြတိုက်ပြီးသတ်ရင်မင်းကိုသူတို့ဘယ်လိုမြင်မှာလဲ? သူရဲကောင်းအဖြစ်လေးစားအုံးမှာလား?“ ဒီတစ်ချီမှာတော့ ဗိုလ်ဂေါ်ပြားအရှိုက်ထိသွားပါတယ်။ သေနတ်ဒင်ကိုမြေကြီးပေါ်ချထောင်လိုက်ရင်း လေသံပြောင်းသွားကာ … “ဆာဟစ်ဟာ ကျနော်ကြားဖူးသလို တကယ်သတ္တိကောင်းတဲ့သူပဲ။ အသက်ချမ်းသာပေးဖို့မတောင်ပန်၊ သေနတ်နဲ့ချိန်တာကိုနည်းနည်းမှမကြောက်တဲ့ ကျနော်ပထမဦးဆုံးမြင်ဖူးတဲ့သူပဲ။ ကျနော်ကိုမဖမ်းဖို့နဲ့ ရဲကိုသတင်းမပေးဖို့ လူကြီးလူကောင်းပီသစွာကတိပေးမလား?” “ငါကတိပေးပါတယ် မန်မတီဗရမ်း” ဆိုပီးထကာကျနော်သူနဲ့လရောင်အောက်မှာတင်းတင်းကျပ်ကျပ်လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ မနက် ၂ နာရီတိတိဆိုတာကိုသတိထားမိလိုက်ပါတယ်။ လရောင်အောက်မှာ မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားနဲ့ကျနော်ဟာ စကားစမည်ပြောဆိုကာတစ်ယောက်အကြောင်းတစ်ယောက်မေးရင်း နှစ်ပေါင်းများစွာကရင်းနှီးခဲ့တဲ့မိတ်ဆွေရင်းတွေလိုဖြစ်သွားပါတယ်။ မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားရဲ့နာမည်ရင်းဟာ Selvaraj ဖြစ်ပါတယ်။ ပြဿနာက သူ့အဖေနဲ့အိမ်နီးချင်းတစ်ယောက်ရဲ့ရန်မီးကစတာပါ။ ဗိုလ်ဂေါ်ပြားဟာခပ်ငယ်ငယ်ပဲရှိသေးပြီး ဒီပြဿနာထဲမှာဝင်မပါပဲ လယ်ယာလုပ်ငန်းကိုပဲစိတ်ဝင်တစားလုပ်တဲ့ ရိုးရိုးသားသားလယ်သမားတစ်ယောက်ပါ။ တနေ့ညမှာတော့ ရန်စရှိတဲ့အိမ်နီးနားချင်းက ဆွေမျိုးအချို့နဲ့ဂိုဏ်းဖွဲ့ပြီး သူ့အဖေအိမ်အပြန်မှာစောင့်ရိုက်ကာသတ်ဖြတ်လိုက်ပါတယ်။ […]
ဆက်ဖတ်ရန်နှိပ်ပါ။