နှောင်ကြိုးလေးတစ်မျှင်

ဗဟုသုတ အတွေးအမြင်

 652 Pageviews

အိမ်ဘေးကနေအပေါ်ထပ်ကိုတက်တဲ့ သစ်သားလှေခါးကနေအိမ်ကြီးရဲ့အပေါ်ထပ်ကို တစ်လှမ်းချင်းတက်လှမ်းလာချိန်မှာ ကျွိကျွီ ကျွိကျွီနဲ့ သစ်သားမြည်သံသဲ့သဲ့ကိုကျနော်ကြားလိုက်ရပါတယ်။ အဲ့ဒီတဒင်္ဂမှာပဲ ကျွီကနဲ နှဲစစမ်းသလိုအသံကိုကြားလိုက်ရပြီး တဆက်တည်း ပတ်ဗေထိုးပတ်ဆိုပြီးဗုံသံကပါနှဲသံနဲ့အတူတဆက်တည်းနားထဲမှာကြားယောင်လိုက်ပါတယ်။ 

ကျနော့်ရဲ့စိတ်အစဉ်ဟာ တချိန်ကဒီအိမ်ကြီးအပေါ်ထပ်နဲ့ အောက်ထပ်အပြည့်သွားလာလှုပ်ရှား ဇာတ်တိုက်နေကြတဲ့ ဆိုင်းဆရာတွေ၊ ဇာတ်သမားမိသားစုတွေကိုပါမြင်ယောင်လာပါတယ်။ အခုတော့ အဖွားအိုလေးတစ်ယောက်ဟာ ဟိုးအရင်ကပျော်စရာအချိန်တွေကိုပြန်တမ်းတရင်း ဒီအိမ်ကြီးအပေါ်ထပ်မှာ သူ့မြေးမလေးနဲ့ကျနော့်ကိုစောင့်မျှော်နေလေရဲ့။

ကျနော့်အမျိုးသမီး”မီးမီး” ဟာ ဒီထားဝယ်မြို့ရှိအိမ်ကြီးမှာ မွေးကထဲကနေ ဆယ်တန်းအောင်တဲ့အထိနေလာခဲ့တာဖြစ်ပါတယ်။

သူစင်ကာပူကိုစရောက်တဲ့နှစ်မှာ သူ့အဖိုးနဲ့အဖွားကိုသတိရလွမ်းဆွတ်တိုင်း သူ့အဖိုးတည်ထောင်ခဲ့တဲ့ ဇာတ်သဘင်အကြောင်းရယ်၊ သူ့ကိုသိပ်ချစ်တဲ့ မီးသတ်ဖိုးဖိုးတို့ပါတဲ့ ငယ်ဘဝတွေရယ်ကို မကြာခဏပြောပြတတ်ပါတယ်။ 

အဲ့ဒီတုန်းကကျနော်ဟာခဏခဏကြားရတာ နှစ်ခိရှာရုံမကဆယ်ခိရှာနေလည်း တစ်ခါမှ သူမပြောဖူးတဲ့ပုံနဲ့နားထောင်ပေးနေကျဖြစ်ပါတယ်။

သူ့အဖိုးဦးစိန်ကြဟာ တရုတ်ကြီးဖြစ်ပေမယ့် အနုပညာကိုအလွန်ချစ်မြတ်နိုးဝါသနာပါသူဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ငယ်ငယ်က မင်းသားလိုရုပ်အတော်ချောသူဖြစ်ပါတယ်။ “ဦးစိန်ကြ+ဒေါ်ရင်ပို” တို့ရဲ့ “ဆန်းသစ်ဇာတ်သဘင်” နယ်ထွက်တော့မယ်ဆိုရင် မထွက်ခင်မှာ ဇာတ်နောက်ဆုံးတိုက်တဲ့အနေနဲ့ သူတို့အိမ်ရှေ့မှာဇာတ်စင်ဆောက်ပြီးလာသမျှလူတွေကို ညလုံးပေါက်ဇာတ်ပွဲကပြလေ့ရှိပါတယ်။ 

အဲ့ဒီအချိန်ဆိုရင် မီးမီးတို့လမ်းထဲမှာ ညဈေးတန်းဖြစ်ပြီး လူတွေညနေဘက်မှာပွဲကြည့်ဖို့ကြိတ်ကြိတ်တိုးလာကြပါတယ်။

အထက်မှာကျနော်ပြောခဲ့တဲ့ နှဲစမ်းသံဟာ မီးမီးပြောပြောနေကျ အဲ့ဒီတုန်းကဖိုးဖိုးဦးသန်းဝင်းရဲ့နှဲစမ်းသံဖြစ်ပါလိမ့်မယ်။ ဖိုးဖိုးဦးသန်းဝင်းနဲ့ သူ့အမျိုးသမီးဖွားဖွားဟာ ကျနော့်အမျိုးသမီး မီးမီးလေးကိုအတော်ချစ်ကြပါသတဲ့။ ကျနော်ကမီးမီးပြန်ပြောတာနားထောင်ရင်း ဖိုးဖိုးဦးသန်းဝင်းကနှဲဆရာကြီးဆိုတော့ဖွားဖွားကမင်းသမီးလားလို့မေးလိုက်တော့ “မဟုတ်ဘူး၊ လူကြမ်းမိန်းမကြီးလုပ်တာတဲ့။”

ဒါပေမယ့်ဖိုးဖိုးနဲ့ဖွားဖွားတို့ဟာ သဘောအရမ်းကောင်းပြီး အသက်ကြီးချိန်မှာ မီးမီးအဖိုးကလည်းဇာတ်အဖွဲ့ဖျက်သိမ်းလိုက်တာနဲ့ မှော်ဘီမှာအေးချမ်းစွာခြံလေးစိုက်ပြီးနေသွားကြသတဲ့။ 

ဪ … လူ့ဘဝကြီးမှာ သဘောမနောကောင်းပေမယ့်လည်း လိုအပ်ရင် လူကြမ်းအဖြစ်သရုပ်ဆောင်ရတတ်ပါလားလို့ ကျနော်တွေးမိပါတယ်။ ကျနော့် Facebook အကောင့်ထဲက ညီမအချို့ရယ်၊ အမအချို့ရယ်ဆိုလည်း လူကြမ်းလုပ်သင့်ရင်ထလုပ်ကြတတ်တာကို ကျနော်တွေ့ဖူးပါတယ်။

မီးမီးလေးဟာ ချစ်မွေးပါလာသလားမသိ၊ ငယ်ငယ်က လူအတော်အချစ်ခံရတာအမှန်ပဲဖြစ်ပါတယ်။ အိမ်မှာများဟင်းမကြိုက်လို့ရှိရင် ဇာတ်သမားတွေဘာစားသလဲသွားကြည့်ပြီး ဇာတ်သမားဟင်းဝေစုသွားခွဲစားရင်စားတတ်သေးတာ။

ဒေါ်ခင်တင့်တို့ဆိုမီးမီးလေးကိုတအားချစ်တာပေါ့။ သူတို့လက်ထဲမှာ ထိန်းလာတာမလား။ ကျနော်တို့ထားဝယ်ရောက်တော့ ဒေါ်ခင်တင့်ခမျာ တောလက်ဆောင်တွေသယ်ပြီး တကူးတကလာတွေ့ရှာပါတယ်။ သို့သော်သူ့မှာမြေးတွေရနေပြီမို့ မြေးတွေကိုစိတ်မချတာနဲ့ နေ့ဝက်ပဲနေပြီး သူ့မြေးတွေဆီပြန်ပြေးတော့တာပဲ။ 

ဖိုးဖိုးဦးသန်းဝင်းတို့လင်မယားနဲ့ဒေါ်ခင်တင့်တို့အပြင် ဇာတ်အဖွဲ့သားတွေကမီးမီးလေးကို ဝိုင်းချစ်ကြပါတယ်။ “ဦးရွှေအ”ဆိုရင် မရှိတဲ့ကြားက မုန့်ဖိုးခိုးပေးတတ်သေးတယ်တဲ့။ ဦးရွှေအလို့ခေါ်တာက စကားမပြောတတ်လို့ပါ။ လူက စကားလည်းမပြောတတ်တော့ဇာတ်ထဲမှာကားလိပ်ဆွဲနဲ့ လက်တိုလက်တောင်းလုပ်ရတယ်။ ဇာတ်အဖွဲ့ထဲမှာတော့သူကလုပ်ခအနည်းဆုံးပေါ့။ တနှစ်တနှစ် ဇာတ်ပွဲရာသီကုန်လို့အိမ်မပြန်ခင်မှာ ဇာတ်လုပ်အားခတွေရှင်းပေးလေ့ရှိတယ်။ အဲ့ဒီအချိန်လုပ်အားခရပြီဆိုရင် မီးမီးလေးကိုမုန့်ဖိုးခိုးပေးတာပဲ။ အခုအချိန်ဦးရွှေအကြီးဘယ်နောက်နေလဲမသိဘူးလို့မီးမီးကပြောတတ်တယ်။ ဘာမှအတုန့်အလှည့်မမျှော်လင့်တဲ့ ရိုးသားတဲ့ဦးရွှေအကြီးရဲ့ပကတိမေတ္တာပဲ။

ပြထားတဲ့ဝက်ဝံပုံနဲ့ဘာဆိုင်သလဲလို့မေးရင် ပြောပြမယ်ခဏစောင့်ပါ။ အခုအဲ့ဒီပုံထဲကသာလိကာလေးအကြောင်းကိုအရင်ပြောပြပါမယ်။

မီးမီးငယ်ငယ်က ဟိုလူကပေးဒီလူကပေးနဲ့အိမ်မှာ ကြက်တူရွေးအရောင်စုံ အကောင်၂၀ လောက်ရှိတယ်။ အဲ့ဒါလှောင်အိမ်နဲ့ထည့်ထားရဲ့သားနဲ့ အနီးအနားအိမ်တွေကကြောင်ဆိုးတွေက လှောင်အိမ်ကိုရအောင်ဖွင့်ပြီး ကြက်တူရွေးတွေကိုကိုက်သတ်တာကုန်ရော။

တနေ့တော့ မီးမီးဆီကို သာလိကာလေးတစ်ကောင်တောကရောက်လာတယ်။အရောင်အညိုရောင်လေးမို့ ညိုညိုလို့နာမည်ပေးသတဲ့။ မီးမီးကသူ့သာလိကာလေးကို အိမ်ထဲမှာကြောင်လာသတ်စားမှာကြောက်တယ်။ အဲ့ဒါနဲ့အိမ်အပြင်ခပ်မြင့်မြင့်မှာ သာလိကာလှောင်အိမ်ကိုဆွဲထားတာ မိုးမိပြီးသာလိကာလေးညိုညိုသေရှာပါလေရော။

ဘယ်ပြောကောင်းမလဲ မီးမီးလေးဟာ ထမင်းမစားဟင်းမစားနဲ့ တငိုငိုတရီရီဖြစ်နေသတဲ့။ နောက်ဆုံးတော့လူကြီးတွေဝိုင်းအတင်းပြောတာနဲ့ သူ့သာလိကာလေးကိုမြှုပ်ခွင့်ပေးလိုက်တယ်။ အမယ် သူ့သာလိကာလေးကို proper burial အသေအချာကျကျနနသဂြိုလ်ပေးရမယ်ဆိုတာနဲ့ တရုတ်ဘုံကျောင်းကိုယူပြီး ဘုံကျောင်းနောက်မှာမြေမြှုပ်ပေးလိုက်ရသတဲ့။ ရွှေစက္ကူတွေဘာတွေတောင်မီးရှို့ပေးလိုက်ရသေးသလားမသိဘူး။

ကျနော်ပြောချင်တာက သံယောဇဉ်နှောင်ကြိုးလေးတွေအကြောင်းပဲ။ မီးမီးရဲ့သူ့သာလိကာလေးညိုညိုကိုချစ်တဲ့သံယောဇဉ်။

နောက်မီးမီးအဖိုးကသူ့မြေးကိုချစ်တဲ့အချစ်။ မီးမီးအဖိုးဟာ ဇာတ်သဘင်ပညာရှင်အသင်းရဲ့အတွင်းရေးမှူးဖြစ်သလို ဇာတ်သဘင်လောကကိုအလွန်ချစ်မြတ်နိုးသူပါ။ဒါကြောင့်လည်းသူကွယ်လွန်တော့ ဇာတ်သဘင်အသင်းကလာပြီး ဧရင့်ကျူးကြတာပါ။

မီးမီးအဖိုးဟာ မီးမီးလေးအသက် ၁၃ နှစ်လောက်မှာ ငါ့မြေးကြီးလာပြီ အိမ်မှာလူရှုပ်လို့မဖြစ်ဘူးဆိုပြီး မီးမီးလေးနှောင်ကြိုးကြောင့် သူချစ်တဲ့ ဇာတ်သဘင်နှောင်ကြိုးကိုအပြီးအပိုင်ဖြတ်လိုက်ပါတော့တယ်။ တစ်ဖက်ကနှောင်ကြိုးကပိုတင်းလို့တစ်ဖက်ကိုအပြီးဖြတ်လိုက်တဲ့သဘောပါ။

မိသားစုလိုနှစ်ရှည်လများလက်တွဲခဲ့တဲ့ ဇာတ်သဘင်တဖွဲ့ကြီးကိုဖျက်လိုက်ရတာဟာတကယ်စွန့်လွှတ်ဖို့မလွယ်တဲ့အရာပါ။ 

အခုဝက်ဝံလေးပုံအကြောင်းကိုဆက်ပါမယ်။ ဖြစ်ပုံကဒီလိုပါ။ Naturalist ကဲနက်အန်ဒါဆန်ဟာ တနေ့တော့ Mysore မိုင်ဆိုးမြို့နားက ကြံစိုက်ခင်းတစ်ခင်းနားကိုရောက်ဖြတ်သွားပါတယ်။ 

ရွာသားတွေဟာ အဲ့ဒီကြံစိုက်ခင်းထဲကနေသေနတ်တွေနဲ့ တောဝက်မောင်းထုတ်နေရင်း မည်းမည်းလုံးလုံးဝက်ဝံတစ်ကောင်ဟာ နေပူထဲမှာကဆုန်ချပြေးထွက်လာပါတယ်။ အန်ဒါဆန်တားနေတဲ့ကြားကနေ သူ့မိတ်ဆွေတစ်ယောက်ကအဲ့ဒီဝက်ဝံကို သေနတ်နဲ့ပစ်လိုက်ပါတယ်။

ဝက်ဝံဟာမြေကြီးပေါ်ကိုမှောက်လျက်သားလဲကျသွားချိန်မှာ မထင်မှတ်ပဲဝက်ဝံပေါက်လေးကို ကျောပေါ်မှာပိုးပြီး ရွာသားတွေရန်ကထွက်ပြေးလာတဲ့သားသည်မိခင်ဝက်ဝံမကြီးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

သူ့ကျောပေါ်ကမည်းမည်းလုံးလုံးလေးဟာ လန့်ဖြန့်ပြီး သနားစရာအသံလေးအော်မြည်ကာ ကြံခင်းထဲကိုထွက်ပြေးသွားပါတယ်။ ဒီအတိုင်းလွှတ်ထားရင်အစာငတ်သေသွားနိုင်တာမို့ အန်ဒါဆန်ဟာ မွေးမည်းလုံးလေးနောက်ကိုအပြေးလိုက်ကာ လည်ကုပ်ကနေဖမ်းခေါ်လာပါတယ်။

ဝက်ဝံပေါက်လေးဟာ လက်သည်းရှည်ရှည်လေးတွေနဲ့ လှမ်းကုတ်ဖို့ကြိုးစားရင်းအန်ဒါဆန်လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ပါလာပါတယ်။အဲ့ဒီဝက်ဝံပေါက်လေးကိုဂုံနီအိတ်ထဲထည့်ကာယူလာပြီး ဘန်ဂလိုမြို့ကိုပြန်ရောက်တော့ သူ့မိန်းမမစ္စစ်အန်ဒါဆန်ကိုလက်ဆောင်ပေးလိုက်ပါတယ်။

ဝက်ဝံလေးကိုမစ္စစ်အန်ဒါဆန်ကအတော်ချစ်ပါတယ်။ ချက်ချင်းပဲဖဲကြိုးလေးတစ်ချောင်းကို ဝက်ဝံလေးလည်ပင်းမှာချည်ပေးကာ အထီးလေးမို့ Bruno ဘရူနိုလို့နာမည်ပေးလိုက်ပါတယ်။

မကြာခင်မှာပဲ ဘရူနိုဟာ 🍼 နို့ဘူးထဲကနို့ကိုတပြွတ်ပြွတ်စုပ်ပါတယ်။ ရက်အနည်းအငယ်အတွင်းမှာပဲ တဆင့်တက်ကာကျွေးတာအကုန်စားအကုန်သောက်လာပါတယ်။

အစကနို့၊ နောက်တော့ကော်ဖီ၊ အဲ့ဒီကနေ အန်ဒါဆင်ရဲ့မိန်းမကျွေးတဲ့ ကိတ်မုန့်၊နောက်တော့လူကြီးတွေမနက်ဆန်ပြုတ်သောက်ရင်သူလိုက်သောက်တယ်။

အဲ့ဒီကနေကလေးတွေကျွေးတဲ့ ရေခဲမုန့်၊ ချောကလက်၊ ပေါင်မုန့်၊ ပူတင်း၊သကြားလုံးကစလို့ အသီးအရွက်စုံကစနေ အစပ်ဟင်းအပြင်၊ ငရုတ်သီး၊ ဘာလာလာအကုန်ဒေါင်းပါတော့တယ်။

ဘရူနိုဟာ အန်ဒါဆန်မိသားစုရဲ့ ခွေးနှစ်ကောင်နဲ့အပြင် သူတို့အိမ်ဝင်းထဲက ကလေးအားလုံးနဲ့ အလွန်ချစ်ခင်လုံးထွေးနေပါတော့တယ်။

ဘရူနိုငယ်စဉ်ကာလမှာ ကြိုးချည်မထားပဲလွတ်လွတ်လပ်လပ်ထားတဲ့အတွက် ဟိုပြေးဒီပြေးခွေးတွေကလေးတွေနဲ့ဆော့လိုက်၊ မီးဖိုထဲဝင်ပြီး အန်ဒါဆန်အမျိုးသမီးကိုရှုပ်လိုက်၊ ညအိပ်ရင်လူတွေနဲ့အတူအိပ်ရာထဲဝင်အိပ်လိုက်လုပ်နေပါတယ်။

ဘရူနိုဟာအစားပုပ်တဲ့အတွက် အိမ်ထဲမှာတွေ့ရာအကုန်စားတတ်ပါတယ်။ တစ်ခါသားအန်ဒါဆန်ရဲ့ စာကြည့်ခန်းထဲဝင်ပြီး ခြသတ်ဆေး ဘေရီယံကာဘွန်နိတ်တွေစားကာ မလှုပ်နိုင်အောင်အဆိပ်မိသွားပါသေးတယ်။ အန်ဒါဆန်တို့ဟာ တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်ဆီပြေးကာ ၁၀ စီစီပမာဏရှိတဲ့အဆိပ်ဖြေဆေးနှစ်ခါထိုးမှ ဘရူနိုကထအန်ချကာ ပြန်ကောင်းလာခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ကားဂိုဒေါင်ထဲဝင်ပြီး အန်ဒါဆန်ကားထဲကဖောက်ထုတ်ထားတဲ့အင်ဂျင်ဝိုင်တွေကို အတော်များများသောက်ချခဲ့ပါသေးတယ်။ ကံကောင်းလို့ဘာမှမဖြစ်တာပါ။

ဘရူနို

လအတော်ကြာချိန်မှာ ဘရူနိုဟာခွေးတွေထက်အကောင်ပိုကြီးလာအရပ်လည်းအတော်ရှည်လာပါတယ်။ ရင်ဘတ်မှာလည်း sloth bear ဝက်ဝံတွေထုံးစံအတိုင်းလခြမ်းပုံကန့်လန့်ဖြတ်အကွက်ကြီးဟာပိုထင်ရှားလာပါတယ်။ ဘရူနိုဟာပိုချစ်ဖို့ကောင်းလာသလို ပိုပြီးလည်းကဲလာပါတယ်။ အန်ဒါဆန်တို့ကိုလည်းသူအလွန်သဘောကျပါတယ်။

အန်ဒါဆန်ရဲ့အမျိုးသမီးက ဘရူနိုကို ဘာဘာလို့ပြောင်းခေါ်ပါတယ်။”ကောင်ကလေး” လို့ဟိန္ဒူစတန်နီလိုခေါ်တာပါ။ ဘာဘာကသင်ထားတိုင်းအတိုင်းလည်းလုပ်ပြတတ်ပါတယ်။ ဘာဘာရေ ဘေက်ဆင်ထိုးရအောင်၊ နပန်းလုံးရအောင်ဆိုရင် ရှေ့ထွက်လာတဲ့သူနဲ့ ခပ်ကြမ်းကြမ်းတဂူးဂူးနဲ့ဖက်လုံးတော့တာပါပဲ။ ဘာဘာရေသေနတ်ကိုက်ဆိုရင် ပေးတဲ့တုတ်ကိုယူပြီးလူကိုသေနတ်လိုချိန်လိုက်ပါတယ်။ ဘာဘာရေ “ဘေဘီလေး” ဘယ်မှာလဲဆိုရင် သူ့ကောက်ရိုးအိပ်ရာထဲမှာဖက်အိပ်တဲ့ သစ်သားတုံးလေးကို ကလေးချီသလိုချီကာဖက်ပြီးပွေ့သိပ်ပြပါတယ်။

ပြဿနာက ဘာဘာကြီးလာတော့ ကလေးတွေကိုမထိခိုက်မိအောင် သံကြိုးနဲ့အမြဲလိုလိုချည်ထားရတော့တာပါပဲ။ နောက်ဆုံးတော့ အန်ဒါဆန်နဲ့သူ့သားက မစ္စစ်အန်ဒါဆန်ကို ဘာဘာလေးကိုတိရိစ္ဆာန်ရုံပို့ဖို့ အကြံပေးပါတယ်။ မိတ်ဆွေတွေကလည်း ဝက်ဝံတစ်ကောင်ကိုအိမ်မှာထားဖို့ မသင့်တော်တဲ့အရွယ်ရောက်လာပြီဖြစ်ကြောင်းသတိပေးကြပါတယ်။

ရက်သတ္တပတ်အတော်ကြာအောင် အားလုံးကဝိုင်းနားချပြီးတဲ့အခါမှာတော့ အန်ဒါဆန်ရဲ့အမျိုးသမီးက သဘောတူလိုက်ပါတယ်။ သူမစိတ်ပြန်မပြောင်းခင် Mysore မိုင်ဆိုးမြို့ကတိရိစ္ဆာန်ရုံတာဝန်ခံကို အမြန်စာရေးရပါတယ်။ ဝက်ဝံတစ်ကောင်ယူမလားဆိုတော့ ယူပါမယ်တဲ့။ Zoo တိရိစ္ဆာန်ရုံကနေ လော်လီကားတစ်စီးပေါ်မှာ လှောင်အိမ်တစ်လုံးတင်ပြီးလွှတ်လိုက်ပါတယ်။ အဲ့ဒါနဲ့ဘာဘာလေးဟာ ၈၇ မိုင်ဝေးတဲ့နေရာက Zoo ကိုရောက်သွားပါတော့တယ်။

အန်ဒါဆန်တို့အားလုံးက ဘာဘာလေးကိုအရမ်းအောက်မေ့နေကြတာပေါ့။ ဘာပြောကောင်းမလဲ အန်ဒါဆန်ရဲ့အမျိုးသမီးဆိုတာ မီးမီးလိုပဲ ပထမသုံးလေးရက်လောက်ထမင်းလုံးဝစားမဝင်ဘူး။

အဲ့ဒီမှာ တိရိစ္ဆာန်ရုံတာဝန်ခံဆီစာတွေတစ်စောင်ပြီးတစ်စောင်ရေးပါတော့တယ်။ ဘာဘာဘယ်လိုနေလဲရှင်? နေလို့ကောင်းရဲ့လား? အအိပ်အစားမှန်ရဲ့လား? ဘာညာမေးတာမေးတာဆိုတာ။

သားသည်အမေဆိုတာဒီလိုပါပဲ။ ဒါကြောင့်နိုင်ငံခြားရောက်နေရင် မိဘကနေကောင်းလားဘာညာမေးရင် အမေကလည်းဒါပဲမေးနေတာပဲလို့ မငြူစူကြပါနဲ့။

တိရိစ္ဆာန်ရုံတာဝန်ခံက ဘာဘာနေကောင်းပါကြောင်း သို့သော် မိုင်တွေတွေဖြစ်ပြီးအစာမစားကြောင်းအကြောင်းပြန်ပါတယ်။ အဲ့ဒီနောက်မှာ မိုင်ဆိုးကိုသွားတဲ့သူမှန်သမျှကို ဘာဘာကိုသွားဝင်ကြေည့်ပေးဖို့ အန်ဒါဆန်ရဲ့အမျိုးသမီးကမှာရတာအမောပါပဲ။ မိုင်ဆိုးကပြန်လာကြသူတွေက ဘာဘာဟာနေတော့ကောင်းပါတယ်။ အတော့်ကိုပိန်ကျသွားတယ်လို့ သတင်းပို့ကြပါတယ်။ ဒါကြားရတာနဲ့ အန်ဒါဆန်ရဲ့အမျိုးသမီးဟာမပဋ္ဋာမြေလူးဖြစ်တော့တာပေါ့ဗျာ။

အန်ဒါဆန်က သူ့အမျိုးသမီးကို ၃ လလောက်မိုင်ဆိုးမသွားဖို့ထိန်းထားနိုင်ခဲ့ပါတယ်။ကြာရင်မေ့သွားအောင်လို့ပါ။ အန်ဒါဆန်ရဲ့အမျိုးသမီးကတော့ မိုင်ဆိုးကိုလိုက်ပို့ဖို့ ခဏခဏတဂျီဂျီနဲ့နားပူတာပေါ့။ ၃ လလောက်လည်းကြာရော ကဲ … ရှင်လိုက်မပို့ရင် ကျမရရာကားရထားတစ်ခုခုနဲ့ကိုယ့်ဟာကိုယ်သွားမယ်ဆိုပြီး ဘယ်လိုမှတားမရဆီးမရဖြစ်ရော။ အဲ့ဒီတော့ အန်ဒါဆန်ကလိုက်ပို့ပေးရတာပေါ့။

အားလုံးကပြောကြတယ်။ ဝက်ဝံကမေ့လောက်ပြီလို့။ ကျနော်ကလည်း တောတိရိစ္ဆာန်ပဲမေ့လောက်ပြီလို့ ထင်ထားပါတယ်။

အဲ … တိရိစ္ဆာန်ရုံရောက်လို့ သူမကိုဘာဘာကလှောင်အိမ်ထဲကနေလှမ်းမြင်လိုက်တာနဲ့ ဟိုကောင်ကဂနာမငြိမ်ဖြစ်နေပြီ။ မှတ်မိပြီးအားရပါးရ “ဝူး” ကနဲအော်လိုက်ပါတယ်။  မှတ်မိရုံမက ပျော်လိုက်တာလေ ဂျွမ်းကိုထိုးရော။

အန်ဒါဆန်ရဲ့အမျိုးသမီးကလည်းလှောင်အိမ်ဆီအပြေးကလေးသွားပြီး သံတိုင်တွေကြားကနေ ဘာဘာရဲ့ခေါင်းကိုအားရပါးရပွတ်ပေးပါတော့တယ်။ ဘာဘာကလည်းခေါင်းကလေးငုံ့ပြီးသဘောတွေကျနေပါတယ်။

နောက်ထပ် ၃ နာရီလုံးလုံး အန်ဒါဆန်ရဲ့အမျိုးသမီးဟာလှောင်အိမ်ဘေးကတစ်ဖဝါးမှမခွာတော့ပါဘူး။ အဲ့ဒီမှာအိမ်ကသယ်လာတဲ့ လက်ဖက်ရည်ထုတ်တိုက်တယ်။ လီမွန်နိတ်ဖျော်ရဘ်တိုက်တယ်။ ပျားရည်ကျွေးတယ်။ ဘာဘာကြိုက်တဲ့ကိတ်တွေ အိုက်စခရင်တွေကိုတစ်ခုပြီးတစ်ခုထုတ်ကျွေးပါတော့တယ်။

ညနေတိရိစ္ဆာန်ရုံပိတ်လို့ပြန်ရမယ့်အချိန်လည်းရောက်ရော မစ္စစ်အန်ဒါဆန်ဟာအကြီးအကျယ်ခါးခါးသီးသီးငိုပါတော့တယ်။ အို … ဟိုကောင် ဘာဘာကလည်းမျက်ရည်တွေတတွေတွေနဲ့ ခါးခါးသီးသီးငိုပါလေရော။ အဲ့မှာသားအမိနှစ်ယောက်ဖက်ငိုကြတာ တိရိစ္ဆာန်ရုံတာဝန်ခံနဲ့ဝန်ထမ်းတွေပါ စိတ်မကောင်းဖြစ်ကုန်ကြပါလေရော။ အန်ဒါဆန်ကတော့နောက်ဘာဖြစ်လာမလဲသိနေတဲ့အတွက် ကိုယ့်ဟာကိုယ်ထိန်းနိုင်ပါတယ်။

“ကျေးဇူးပြုပြီးတော့လေ ကျမရဲ့ဘာဘာလေးကို ပြန်ခေါ်သွားလို့မရဘူးလားဟင်”လို့ မေးတဲ့အခါ ရုံပိုင်က “မရပါဘူးမဒမ်၊ ကျနော့်အနေနဲ့အစိုးရပိုင်ကိုပေးခွင့်မရှိပါဘူး။ ဘာဘာလေးဟာအစိုးရပိုင်အဖြစ်ရဂျစ္စတြာလုပ်ထားပြီးပါပြီလို့ပြန်ပြောပါတယ်။ ဒါပေမယ့်သစ်တောမင်းကြီးခွင့်ပြုရင်တော့ ရပါလိမ့်မယ်။” လို့ ပြန်ဖြေပါတယ်။

မိုင်ဆိုးကနေ ဘန်ဂလိုမြို့ကိုပြန်တဲ့အချိန်မှာ သစ်တောမင်းကြီးဆီကိုဝင်တွေ့ပါတယ်။ 

“ဘာဘာနဲ့ကျမဟာလေ တစ်ယောက်နဲ့တစ်ယောက်လွမ်းလို့သေရပါတော့မယ်။ ကျမဝက်ဝံလေးကိုပြန်ပေးလို့မရဘူးလားဟင်လို့ မျက်ရည်စမ်းစမ်းနဲ့အသနားခံပါတယ်။

သစ်တောမင်းကြီးဟာသဘောမနောကောင်းသူဖြစ်တဲ့အတွက် ပြန်ယူခွင့်ပြုလိုက်တဲ့အပြင် အပြန်အတွက်လှောင်အိမ်လေးတစ်လုံးပါစီစဉ်ပေးဖို့ ရုံပိုင်ဆီစာရေးပေးလိုက်ပါတယ်။ အဲ့ဒီမှာသစ်တောမင်းကြီးစာကိုသယ်ပြီးမိုင်ဆိုးကိုပြန်သွားကာ ဘာဘာကိုအိမ်ပြန်ခေါ်လာပါတော့တယ်။

အိမ်ပြန်ရောက်တာနဲ့ အန်ဒါဆန်ဟာလုပ်သားတစ်သိုက်ခေါ်ပြီး အလုပ်များရပါတော့တယ်။ ခြံဝင်းထဲမှာ ပေ ၂၀ ရှည်ပြီး ၁၅ ပေကျယ်တဲ့ကျွန်းလေးတစ်ခုဆောက်ပါတယ်။ ဘေးပတ်လည်ကနေ ၆ ပေကျယ်ပြီး ၇ ပေနက်တဲ့ အရံအတားကျုံးလေးတစ်ခုပါတူးရပါတယ်။

ကျွန်းပေါ်မှာဘာဘာနေဖို့ သစ်သားပုံးထဲမှာကောက်ရိုးခင်းပေးထားရပါတယ်။ သူအကြိုက် ဘေဘီသစ်သားတုံးလေးရယ်၊ သေနတ်အဖြစ်သုံးတဲ့တုတ်ကအစအကုန်ထားပေးထားပါတယ်။

ဘာဘာကိုလှောင်အိမ်ထဲကနေကျွန်းလေးပေါ်လွှတ်လိုက်တဲ့အခါမှာ သူ့ငယ်ဘဝကစားစရာတွေကိုတွေ့ပြီး အလွန်ပျော်ပါတယ်။

အန်ဒါဆန်ကသူ့မိန်မအတွက် ကျွန်းလေးကိုမိုးထားတဲ့သရက်ကိုင်းမှာကြိုးတစ်ချောင်းချည်ထားပေးပါတယ်။ ကြိုးတစ်စကိုသရက်ကိုင်းမှာခိုင်ခိုင်ချည်ပြီး နောက်တစ်စကိုကွင်းလျောလေးလုပ်ပေးထားပါတယ်။

မစ္စစ်အန်ဒါဆန်ဟာ အဲ့ဒီကြိုးကိုဒန်းလိုစီးပြီး ၆ ပေမြောင်းကိုကူးကာ သူ့သားဘာဘာရှိတဲ့ ကျွန်းလေးဆီကိုသွားပါတယ်။ 

အဲ့ဒီမှာကုလားထိုင်ပေါ်မှာထိုင်ပြီးနာရီပေါင်းများစွာနေပါတယ်။ ဘာဘာကလည်းသူ့ကိုယ်ပေါ်မှာကျေနပ်စွာထိုင်လေ့ရှိပါတယ်။ 

တကယ်တော့ဘာဘာဟာ ၁၅ လသားရှိပြီမို့အကောင်အတော်ကြီးကာ ဝိတ်အတော်စီးနေပါပြီ။ ပုံထဲမှာ မစ္စစ်အန်ဒါဆန်ကိုဘရူနိုနဲ့အတူတွေ့နိုင်ပါတယ်။

ကဲ .. ဝက်ဝံတစ်ကောင်မှာ ချစ်တတ်တဲ့နှောင်ကြိုးနဲ့ မှတ်မိတဲ့အသိဉာဏ်ရယ်၊ သူ့မှာထူးခြားတဲ့စရိုက်လက္ခဏာမရှိနိုင်ဘူးလို့ ဘယ်သူပြောမလဲဗျာ။

ကျနော်ပြောချင်တာကမမြင်ရတဲ့နှောင်ကြိုးလေးတွေဟာ အင်မတန်ခိုင်မြဲတတ်တယ်ဆိုတာကို မစ္စစ်အန်ဒါဆန်နဲ့ဘာဘာရယ်၊ မီးမီးကိုသိပ်ချစ်လို့ကိုယ်သိပ်မြတ်နိုးတဲ့အလုပ်ကိုစွန့်လွှတ်လိုက်တဲ့ မီးမီးရဲ့အဖိုးရယ်တို့ကသက်သေပြနေပါတယ်။

ကျနော်လည်း စာဖတ်ပရိသတ်အပေါ်မှာရှိတဲ့ မမြင်ရတဲ့နှောင်ကြိုးလေးတစ်မျှင်တင်းတာကြောင့် အခုလိုစာတွေဆက်လက်ရေးသားနေတာဖြစ်ပါတယ်ခင်ဗျား။

Richard Myo Thant

3-December -2021

Leave a Reply

Your email address will not be published. Required fields are marked *