695 Pageviews
ရွက်ဖျင်တဲထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်း ရုတ်တရက်လန့်နိုးလာတယ်။ ဘာသံမှကြားလို့မဟုတ်ဘူး။
ဒါပေမယ့် နှစ်ပေါင်းများစွာတောထဲမှာ သတိနဲ့လူသားစားကျားတွေကိုရင်ဆိုင်နှိမ်နင်းခဲ့တဲ့ အတွေ့အကြုံအရ အန္တရာယ်ဟာ လက်တစ်ကမ်းအကွာမှာရောက်နေတယ်ဆိုတာကို သိလိုက်တယ်။
အိပ်ရာဘေးမှာကျည်ထည့်ပြီးအဆင်သင့်မောင်းထိုးထားတဲ့ရိုက်ဖယ်သေနတ်ဆီလက်ကအလိုလိုရောက်သွားချိန်မှာပဲ ရွက်ဖျင်တဲအဝကနေ “မလှုပ်နဲ့” ဆိုပြီးအမိန့်ပေးတဲ့အသံကိုကြားလိုက်ရတယ်။
ကျနော့်ရွက်ဖျင်တဲအဝမှာ အရိပ်တစ်ခုကမားမားမတ်မတ်ရပ်နေပါတယ်။ လက်ထဲမှာ ၁၂ ဗို့သေနတ်ကကျနော့်ဆီကိုချိန်ထားပါတယ်။ ဗိုလ်ဂေါ်ပြားရောက်နေပါပကော။
ကောဗရီမြစ်နားက ချိုင်နားမြစ်ကမ်းဘေးရှိ ၁၂ ဧကရှိတဲ့ကျနော့်ရဲ့စိုက်ခင်းကိုအလည်သွားချိန်မှာ ကျနော့်ရဲ့စိုက်ခင်းစောင့်’ရမ်ဂ’က ခြံထဲမှာရွက်ဖျင်တဲမထိုးပဲ သူနဲ့လာအိပ်ဖို့ခေါ်ပါတယ်။
ဆင်ဆိုးရှိတယ်ဆာဟစ် (Sahib ဆိုတာသခင်/အကြီးအကဲလို့ ကိုလိုနီခေတ်ကလေးစားသမှုနဲ့ခေါ်တာပါ) တစ်ယောက်တည်း Tent ထိုးအိပ်ရင်အန္တရာယ်များတယ်။
ဆင်ဆိုးရှိကြောင်းမကြားမိသလို ဒီအချိန်ဟာဒီချိုင်နားမြစ်ထဲမှာရေတစ်စက်မှမရှိတဲ့နွေရာသီဖြစ်ပြီး ဆင်တွေကကောဗရီမြစ်ဖက်မှာပဲရှိတဲ့အချိန်ပါ။
နောက်ဆုံးတော့ရမ်ဂက အသံခပ်အုပ်အုပ်နဲ့ Mumptyvayan ဗိုလ်ဂေါ်ပြားဒီနားမှာရှိနေတယ် ဆာဟစ်လို့ပြောပါတယ်။
ဟာ … အဆင်ပြေတာပေါ့။ မန်မတီဗရမ်း Mumptyvayan ဗိုလ်ဂေါ်ပြားကိုငါတွေ့ချင်တယ်လို့သွားပြောလိုက်ကွာ။
အမလေး … ဆာဟစ်သခင်ရယ် ကျနော်ကတောပုန်းဓားပြဗိုလ်နဲ့ ဘယ်လိုလို့ပတ်သက်မှာလဲလို့ သူ့ကိုယ်သူအရိုးသားဆုံးလူတစ်ယောက်ပုံနဲ့ ရမ်ဂကပြန်ဖြေပါတယ်။
တကယ်တော့ရမ်ဂကလည်းခေသူမဟုတ်ပါ။ ထောင်ကျဖူးသူပါ။ အမှုကတော့သူ့ပထမမိန်းမကိုသတ်မှုပါ။ အဲ့ဒီအမှုမှာသူသတ်တယ်ဆိုတာ ရဲကသဲလွန်စဖော်လိုက်နိုင်ပြီး ကံကောင်းလို့ကြိုးပေးမခံရတာပါ။
ဒုတိယမိန်းမမှာတော့ သူနဲ့ပြဿနာတက်ချိန်မှာ လက်စမပေါ်ပဲသူရှင်းလိုက်နိုင်ပါတယ်။ ရဲကသူ့မိန်းမရဲ့ဦးလေးကိုခေါ်စစ်လေရဲ့။
ဒီလိုပဲ တောမှာကတော့ ဘယ်သူမှမျက်မြင်သက်သေမရှိတော့ မိန်းမနှစ်ယောက်စလုံးကို သူသတ်တယ်လို့ပဲသံသယရှိကြပြီး ဘယ်သူမှတပ်အပ်မပြောနိုင်ဘူးမလား?
အဲ … ရမ်ဂကတတိယမိန်းမကိုတော့မသတ်ဘူးခင်ဗျ။ စတုတ္ထမိန်းမထပ်ယူပြီး သူတို့အချင်းချင်းနောင်ဂျိန်သတ်ခိုင်းလိုက်တယ်။ သူက နံပါတ် ၅ နဲ့အလုပ်ရှုပ်နေလေရဲ့။ရမ်ဂက အဲ့လိုအကောင်။
တောရွာတွေမှာကဆင်းရဲတော့ ရမ်ဂလိုအလုပ်ကလေးအကိုင်လေးနဲ့အကောင်အတွက် မိန်းမပေါပါတယ်။
ကျနော်တို့ကသာ မိန်းမတစ်ယောက်နဲ့လုံးလည်ချာလည်လိုက်နေတာ ရမ်ဂအတွက်ကတော့ မိန်းမထပ်ရှာတာ ခေါက်ဆွဲစားချင်လို့ instant noodle ယမ်ယမ်ခေါက်ဆွဲထုပ်ဖောက်ပြီးပြုတ်ရသလောက်မကြာပါ။
ထားပါတော့ … စောနကအကြောင်းပြန်ဆက်ရရင် မန်မတီဗရမ်းဆိုတာ ဗိုလ်ဂေါ်ပြားလို့အဓိပ္ပာယ်ရပါတယ်။
ဗိုလ်ဂေါ်ပြားမှာနားထင်အထိကော့ထောင်နေနဲ့မုတ်ဆိတ်မွေးနှစ်ဖက်ရှိပြီး နဖူးပြောင်တာကြောင့် ဂေါ်ပြားရုပ်ပေါက်နေလို့ပါ။
🇮🇳 အိန္ဒိယအစိုးရရဲတပ်ဖွဲ့ရဲ့ဝရမ်းပြေးစာရင်းထဲမှာဒီလိုရေးပါတယ်။ နာမည်အရင်းSelvaraj အသက် ၃၆ နှစ်၊ အရပ် ၅ ပေ ၇ လက်မ၊ ညာမျက်လုံးထောင့်ကနေနားရွက်အထိ ထင်ရှားတဲ့အမာရွတ်ရှိလို့ မှတ်တမ်းတင်ထားပါတယ်။
ဒါပေမယ့် အိန္ဒိယရဲမှတ်တမ်းမှာမပါတာက ဗိုလ်ဂေါ်ပြားဟာမရှိဆင်းရဲသားတွေရဲ့ချစ်ခင်လေးစားခံရတဲ့ အိန္ဒိယတောင်ပိုင်းကရော်ဘင်ဟုတစ်ယောက်ဆိုတဲ့အချက်ပါပဲ။
ဗိုလ်ဂေါ်ပြားဟာချမ်းသာပြီးလောဘကြီးတဲ့လူကုံထံတွေကိုသာရွေးဓားပြတိုက်ပြီးမရှိဆင်းရဲသားတွေကိုဝေငှပေးနေသူပါ။
အိန္ဒိယမြောက်ပိုင်းမှာရော်ဘင်ဟုအဖြစ် ဗိုလ်ဂေါ်ပြားထက်နာမည်ကြီးတာကတောပုန်းကြီးမန်ဆင်းပါ။
(တောပုန်းကြီးမန်ဆင်း Man Singh အကြောင်းကိုတော့ ၁၉၇၅ ခုနှစ်မှာ Sholay ရှိုးလေးဆိုပြီးရုပ်ရှင်ပြန်ရိုက်ထားကာ မင်းသားကြီးအမိတာဘဂျမ်းက Jai အဖြစ်သရုပ်ဆောင်ထားပါတယ်။
ဟိုခေတ်ကရုပ်ရှင်ရုံပြည့်ရုံမကရုံလျှံခဲ့တဲ့ မြန်မာတွေအကြိုက်ဇာတ်ကားတစ်ကားပါ။)
အခုဗိုလ်ဂေါ်ပြားအကြောင်းဆက်ရရင် သူ့အကြောင်းခဏခဏကြားတာရယ် ကျနော်ကလည်းဒီနယ်မှာတကိုယ်တည်းသွားလာနေသူဆိုတော့ သူနဲ့တွေ့ဖူးချင်ပါတယ်။
တစ်ခါကဆည်ဆောက်ရန်တိုင်းတာဖို့ မျက်နှာဖြူအင်ဂျင်င်နီယာတစ်ယောက်နဲ့သူ့ကိုယ်ရံတော်အစောင့်တစ်ယောက်ရောက်လာပါတယ်။
ကျနော်ကသစ်တောတွေကိုရှင်းပြီးဆည်ဆောက်တာမကြိုက်တာနဲ့ သွားတွေ့ပါတယ်။
အဲ့ဒီလိုသွားတွေ့ချိန်မှာ မျက်နှာဖြူအင်ဂျင်နီယာရဲ့လက်နက်ကိုင်အစောင့်နဲ့တွေ့တော့ဗိုလ်ဂေါ်ပြားအကြောင်းစကားစပ်မိပြီး ကျနော်ကဗိုလ်ဂေါ်ပြားကိုမြင်ဖူးချင်ကြောင်းပြောပြမိပါသေးတယ်။
မျက်နှာဖြူအင်ဂျင်နီယာက သူလည်းစိတ်ဝင်စားပြီးတွေ့ဖူးချင်ကြောင်းကျနော်တို့ကိုရယ်ရယ်မောမောဝင်ပြောပါတယ်။
အမလေး … ဆာဟစ်သခင်ကြီးတို့ရယ် ကျနော်ကသူနဲ့တွေ့မှာကြောက်လွန်းလို့။ အန္တရာယ်များပါဘိသနဲ့တွေ့ဖို့မကြိုးစားပါနဲ့လို့ အစောင့်ကပျာပျာသလဲပြောဆိုပါတယ်။
ကျနော်ကတော့ဒေသခံတွေသူရဲကောင်းလို့ပြောနေတဲ့ ရော်ဘင်ဟုတစ်ယောက်ကိုကိုယ်တွေ့မိတ်ဖြစ်ဆွေဖြစ်တွေ့ဖူးချင်တာပါ။
ဟော … ကျနော်တွေ့ဖူးချင်တဲ့ ဗိုလ်ဂေါ်ပြားဟာ ကျနော့်ရွက်ဖျင်တဲဝမှာရောက်နေပါပြီ။
လသာတဲ့ညမို့ ဗိုလ်ဂေါ်ပြားကိုရွက်ဖျင်တဲဝမှာသေသေချာချာမြင်ရပါတယ်။ ကာကီရှပ်အင်္ကျီနဲ့ ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွေးကားကားကြီးနဲ့ ကျည်ဆံခါးပတ်ကြီးကိုပခုံးသိုင်းပြီးလွယ်ထားပါတယ်။
နောက်ပခုံးတစ်ဖက်မှာမှန်ဘီလူးတစ်ခုကို လယ်သာသားရေအိတ်နဲ့ထည့်ပြီးဆွဲထားပါတယ်။ ခါးမှာဓားမြှောင်တစ်လက်နဲ့ သူ့လက်ထဲက ၁၂ ဗို့သေနတ်ကကြေးရောင်သေနတ်ပြောင်းကို လရောင်ထဲမှာလက်ကနဲတွေ့လိုက်ရပါတယ်။
“White man မျက်နှာဖြူ …. အသက်မသေချင်ရင် လက်ကိုအပေါ်မြောက်ထား၊ ရှိတဲ့ငွေအကုန်ထုတ်၊ ပြီးရင်ကြမ်းပြင်ပေါ်မှာမှောက်နေ၊ လုံးဝမော့မကြည့်နဲ့ သေသွားမယ်။”
ကျနော်ကသူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ရင်း “ငါမင်းကိုသူရဲကောင်းတစ်ယောက်အနေနဲ့ကြားထားပြီး မိတ်ဆွေတစ်ယောက်အနေနဲ့တွေ့ချင်ခဲ့တာ။ အခုတော့မင်းကရဲတွေပြောသလို သူခိုးဓားပြပါပဲလားကွ!”
သူကရှူးရှူးရှဲရှဲတစ်ချက်ဖြစ်သွားက သေနတ်ကိုမြှောက်ကာ မောင်းတင်လိုက်ပါတယ်။
“မင်းငါ့ကိုပစ်သတ်ရင်ပြဿနာအရမ်းကြီးသွားမယ်။ မျက်နှာဖြူတစ်ယောက်ကို မန်မတီဗရမ်းက ဓားပြတိုက်ပစ်သတ်သွားတယ်ဆိုရင် သတင်းစာတွေထဲမှာဟိုးလေးတကျော်ဖြစ်သွားပြီး တတိုင်းပြည်လုံးသိသွားလိမ့်မယ်။
အဲ့ဒါဆိုရင် မိုးမီးလောင်ပြီ။ သတင်းစာတွေကပိုပိုသာသာဖွတာနဲ့ မင်းကိုအသေရရအရှင်ရရ ရဲကဆုကြေးတိုးထုတ်တော့မယ်။
သတင်းစာကမရေးဘူးပဲထား မျက်နှာဖြူတစ်ယောက်ကိုသတ်မှုဖြစ်လို့ ရဲမင်းကြီးကလူသတ်ကောင်ကိုမဖမ်းဆီးနိုင်ရင် အရှက်အကြီးအကျယ်ကွဲပြီ။ အဲ့ဒီတော့မင်းကိုတွေ့ရာသင်္ချိုင်းဓားမဆိုင်းလိုက်တော့မယ်။ ဆုကြေးတွေတနင့်တပိုးထုတ်တော့မယ်။
မင်းကိုအခုချစ်ခင်ပါတယ်ဆိုတဲ့ မင်းအနားကလူတွေက “သိန်း ၃၀၀ ပေးရင် မောင်ကျော်ဘယ်မှာလဲဖော်မယ့်” ငွေနောက်လိုက်မယ့်အောက်တန်းစားအကောင်တွေချည်းပဲ။
ရဲကမဖမ်းဘူးပဲထားပါအုံး။ ငါ့လိုဒေသခံတွေနဲ့အတူလက်ပွန်းတတီးတသားထဲနေပြီးလူသားစားကျားရန်ကနေ သူတို့ကိုကာကွယ်နှိမ်နင်းပေးနေတဲ့သူတစ်ယောက်ကိုဓားပြတိုက်ပြီးသတ်ရင်မင်းကိုသူတို့ဘယ်လိုမြင်မှာလဲ? သူရဲကောင်းအဖြစ်လေးစားအုံးမှာလား?“
ဒီတစ်ချီမှာတော့ ဗိုလ်ဂေါ်ပြားအရှိုက်ထိသွားပါတယ်။ သေနတ်ဒင်ကိုမြေကြီးပေါ်ချထောင်လိုက်ရင်း လေသံပြောင်းသွားကာ …
“ဆာဟစ်ဟာ ကျနော်ကြားဖူးသလို တကယ်သတ္တိကောင်းတဲ့သူပဲ။ အသက်ချမ်းသာပေးဖို့မတောင်ပန်၊ သေနတ်နဲ့ချိန်တာကိုနည်းနည်းမှမကြောက်တဲ့ ကျနော်ပထမဦးဆုံးမြင်ဖူးတဲ့သူပဲ။
ကျနော်ကိုမဖမ်းဖို့နဲ့ ရဲကိုသတင်းမပေးဖို့ လူကြီးလူကောင်းပီသစွာကတိပေးမလား?”
“ငါကတိပေးပါတယ် မန်မတီဗရမ်း” ဆိုပီးထကာကျနော်သူနဲ့လရောင်အောက်မှာတင်းတင်းကျပ်ကျပ်လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ မနက် ၂ နာရီတိတိဆိုတာကိုသတိထားမိလိုက်ပါတယ်။
လရောင်အောက်မှာ မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားနဲ့ကျနော်ဟာ စကားစမည်ပြောဆိုကာတစ်ယောက်အကြောင်းတစ်ယောက်မေးရင်း နှစ်ပေါင်းများစွာကရင်းနှီးခဲ့တဲ့မိတ်ဆွေရင်းတွေလိုဖြစ်သွားပါတယ်။
မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားရဲ့နာမည်ရင်းဟာ Selvaraj ဖြစ်ပါတယ်။ ပြဿနာက သူ့အဖေနဲ့အိမ်နီးချင်းတစ်ယောက်ရဲ့ရန်မီးကစတာပါ။
ဗိုလ်ဂေါ်ပြားဟာခပ်ငယ်ငယ်ပဲရှိသေးပြီး ဒီပြဿနာထဲမှာဝင်မပါပဲ လယ်ယာလုပ်ငန်းကိုပဲစိတ်ဝင်တစားလုပ်တဲ့ ရိုးရိုးသားသားလယ်သမားတစ်ယောက်ပါ။
တနေ့ညမှာတော့ ရန်စရှိတဲ့အိမ်နီးနားချင်းက ဆွေမျိုးအချို့နဲ့ဂိုဏ်းဖွဲ့ပြီး သူ့အဖေအိမ်အပြန်မှာစောင့်ရိုက်ကာသတ်ဖြတ်လိုက်ပါတယ်။
ဒါတင်မကပဲ သူ့အဖေရဲ့အလောင်းကို ဟိုင်းဝေးလမ်းဘေးကသစ်ပင်မှာကပ်ချည်ပြီးအားလုံးမြင်အောင်ပြထားပါတယ်။ ငါတို့နဲ့ရန်စရှိရင်ဒါမျိုးခံရမယ်လို့ သက်သက်ခြိမ်းခြောက်ပြတာပါ။
အဖေတစ်ယောက်လုံးအသတ်ခံရတဲ့အပြင် အခုလိုကြိုးနဲ့ချည်ပြခံရချိန်မှာ စိတ်အရမ်းနာသွားပြီး ဗိုလ်ဂေါ်ပြားဖြစ်လာမယ့်ကောင်လေးဟာ သူ့အကိုအခြားဆွေမျိုးငါးယောက်ရယ်ပေါင်းပြီး သူ့အဖေကိုသတ်တဲ့ လူ ၉ ယောက်ရဲ့အိမ်ကိုဝင်စီးကာ ထင်းခုတ်ဓားနဲ့အပြတ်ရှင်းလိုက်ပါတော့တယ်။
အစကရဲကမသိပေမယ့်အခုလိုနှစ်ဖက်သတ်ဖြတ်ချိန်မှာ အုတ်အော်သောင်းနင်းဖြစ်သွားကာ ရဲကလိုက်ဖမ်းပါတော့တယ်။ သူတို့ညီအကိုကိုကူညီတဲ့ ဆွေမျိုး ၃ ယောက်ကိုဖမ်းမိသွားပြီး သေဒဏ်အပေးခံရပါတယ်။ အဲ့ဒီခေတ်က လူသတ်မှုဟာသေဒဏ်ပါ။
ဗိုလ်ဂေါ်ပြား၊ သူ့အကိုနဲ့ကျန်နှစ်ယောက်ကထွက်ပြေးရပါတယ်။ တစ်ဖက်ကရဲမတိုင်ပဲ ရွာတွေထုံးစံအတိုင်း ကလဲ့စားချေဖို့လူပြန်စုနေပါတယ်။
ဖြစ်ချင်တော့ဗိုလ်ဂေါ်ပြားရဲ့အကိုက ရွာကအရင်ယောက်ျားရှိတဲ့မိန်းမတစ်ယောက်နဲ့ဖြစ်နေတယ်။ သတင်းပေါက်ကြားတယ်ဆိုတာက ရွာမှာမိန်းမတွေဆီကပေါက်တတ်တာမလား။
အဲ့ဒီမိန်းမရဲ့ယောက်ျားကသတင်းပေးမှုနဲ့ တစ်ညမှာဗိုလ်ဂေါ်ပြားတို့ပုန်းနေတဲ့တဲကိုရန်ငြိုးရှိတဲ့အုပ်စုကဝိုင်းပြီးမီးရှို့ပါတယ်။
ဗိုလ်ဂေါ်ပြားအကိုနဲ့အဲ့ဒီမိန်းမမီးလောင်သေဆုံးကာ ဗိုလ်ဂေါ်ပြားနဲ့ကျန်တဲ့နှစ်ယောက်လွတ်သွားပါတယ်။
ရဲကသိသွားကာ ရွာမှာဝင်ဖမ်းရင်းမီးရှို့တဲ့အုပ်စုထဲက နှစ်ယောက်ကိုဖမ်းဆီးရုံးတင်ကာ သေဒဏ်ပေးလိုက်ပါတယ်။
အဲ့ဒီမှာ ကမ္ဘာရန်နှစ်ဖက်လုံးဝရမ်းပြေးဖြစ်ကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့သတ်ဖို့ချောင်းနေပါတော့တယ်။
ဗိုလ်ဂေါ်ပြားအနေနဲ့ လယ်လည်းလုပ်ခွင့်မရ စားစရာလည်းမရှိတော့ ထုံးစံအတိုင်းဓားပြဖြစ်သွားပါတော့တယ်။
ဒါပေမဲ့သူကဆင်းရဲသားတွေကိုအနိုင်မကျင့်ပဲ လူချမ်းသာဝိသမလောဘသားတွေကိုပဲ ပစ်မှတ်ထားကာဓားပြတိုက်ပါတယ်။ ပြီးတော့ရသမျှကို ဆင်းရဲတဲ့သူတွေ့ရင် သူ့အတွက်မချန်ထားပဲဝေခြမ်းပေးလေ့ရှိတော့ ရော်ဘင်ဟုလိုလူစွမ်းကောင်းအဖြစ်အားလုံးကချစ်ကြပါတယ်။
(ဒီနေရာမှာ ဗိုလ်ဂေါ်ပြားရဲ့ရဲကိုတပတ်ရိုက်အနိုင်ယူနိုင်ခဲ့ပုံစတဲ့ အသေးစိတ်ကိုထည့်မရေးတော့ပါ။ နောက်စာအုပ်ထုတ်မှ အသေးစိတ်ရေးပါမယ်။)
ကျနော်နဲ့ဗိုလ်ဂေါ်ပြားတို့ တစ်ယောက်အကြောင်းတစ်ယောက်ပြန်ပြောကြရင်း သူကသူ့ဘဝဇာတ်ကြောင်းကိုအဆုံးသတ်လိုက်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်စကားတစ်လုံးမှမပြောဖြစ်ပဲ အတန်ကြာငြိမ်သက်ပြီးတွေးနေမိပါတယ်။
“မင်းဘာဆက်လုပ်မလဲမန်မတီ” လို့ကျနော်ကမေးလိုက်ပါတယ်။
သူကအတန်ကြာငြိမ်နေပြီးမှ “ကျနော်လည်းအဲ့ဒါကိုစဉ်းစားနေတာ ဆာဟစ်” တဲ့။
“ငါ မင်းကိုရင်ထဲကရှိတဲ့အတိုင်းပြောမယ်နော်။ မင်းဒီအတိုင်းဆက်သွားနေလို့မရဘူး။”
“ကျနော်သိတယ်ဆာဟစ်။”
“မင်းအခုတောပုန်းဘဝနဲ့နေရတာ တနေ့တနေ့ထိတ်ထိတ်လန့်လန့်နဲ့။ ပြီးတော့မင်းကပေးနေကျွေးနေလို့လူတွေက မင်းကိုရဲသတင်းကြိုပေး၊ မင်းကိုကာကွယ်ပေးနေပေမယ့် “သိန်း ၃၀၀ ပေးရင် မောင်ကျော်ဘယ်မှာလဲဖော်မယ့် သစ္စာဖောက်လောက်ကောင်တွေက အမြဲရှိတယ်။”
“ဟုတ်တယ်ဆာဟစ်။ ကျနော့်ကို ထောင်ဝန်ထမ်းဟောင်းတစ်ယောက်က ထောင်ဖမ်းကတည်းက ကျနော်ဘယ်သူမှမယုံတော့ပဲ တစ်ယောက်တည်းပဲနေပြီးတစ်ယောက်တည်းလှုပ်ရှားနေတာကြာပြီ။”
“တစ်ယောက်တည်းနေတာကြာရင်မင်းအရမ်းအထီးကျန်လာလိမ့်မယ်။”
“ဟုတ်တယ်ဆာဟစ်။ ကျနော့်မှာအခုလိုအေးအေးဆေးဆေးတစ်ယောက်ယောက်နဲ့စကားထိုင်ပြောခွင့်မရတာကြာပြီ။”
“ကျနော့်မိန်းမတွေဆိုတာလည်း ပေးရင်ကျွေးရင်ကောင်းတယ်။ မိသားစုလိုစကားအေးဆေးထိုင်ပြောလို့ရတာမဟုတ်ဘူး။ ရဲကကျနော့်ခြေရာကိုအမြဲစောင့်ကြည့်နေတာ။”
“မင်းဘာဆက်လုပ်မလဲ❓မင်းတစ်သက်လုံးဒီလိုသွားလို့မရဘူး။ မင်းကချမ်းသာတဲ့လူတွေဆီကဓားပြတိုက်ပြီးဆင်းရဲတဲ့လူတွေကိုဝေခြမ်းပေးနေပေမယ့် ဒါအမြဲမှန်တဲ့ကိစ္စမဟုတ်ဘူး။”
“ဗျာ”
“မင်းသူတို့ကိုအမြဲ ဝေခြမ်းပေး၊ ကျွေးမွေးပေးနိုင်မှာလား❓မင်းမအိုတော့ဘူးလား❓မတော်တဆမင်းကိုဖမ်းမိရင်သေဒဏ်ပေးမှာမင်းမစဉ်းစားတော့ဘူးလား”
“ကျနော်အခုလိုဓားပြတိုက်ပြီးဝေခြမ်းပေးတာကိုလည်း guilty အပြစ်ရှိတယ်လို့ခံစားရတယ်။”
“ဓားပြတိုက်တာတော့မကောင်းဘူး။ ဒါပေမယ့်မင်းထက်အဆပေါင်းများစွာဆိုးတဲ့မျက်နှာဖုံးစွပ်လူသတ်သမားတွေအများကြီးပါကွာ။
မြန်မာပြည်ကြီးဒုက္ခဖြစ်နေပြီ။ ကျယ်မတော့မနေနိုင်ဘူးဆိုပြီး Facebook ပေါ်တင်၊ ဟိုဟာလှူပြဒီဟာလှူပြနဲ့၊ ပြီးတော့ မြန်မာတွေလူညွန့်တုံးမယ့် မူးယစ်ဆေးဝါးနဲ့ဆိုင်တာတွေခိုးပို့နေတဲ့မိန်းမကြီးတွေကမင်းထက်အဆတစ်ရာဆိုးတာပေါ့ကွ။ တကယ်ကိုရှိနေတာနော်။ တလောလေးကမှဖြစ်သွားသေးတာ။”
“ငါပြောပြမယ်။ မင်းအခုလိုဆင်းရဲသားတွေကို ဝေခြမ်းပေးနေတာဟာ တစ်ရက်ပရဟိတအလှူလုပ်ပြပြီး ကျန်ရက် ၁၀၀ မဟုတ်တာလုပ်စားနေတဲ့ ဘုရားတရားလူရှေ့မှာလုပ်ပြပြီး တကယ်ငရဲမကြောက်တဲ့သူတွေထက်သာသေးတယ်။
သို့သော် … အခုလိုဝေခြမ်းနေတာ အမြဲမမှန်ဘူး။ တသက်လုံးအမြဲမပေးနိုင်ဘူး။
နောက်ပြီးငါပြောမယ်။ မင်းတိုင်းပြည်ကိုကယ်တင်နေတာမဟုတ်ဘူး။ မင်းလုပ်နေတာတော်လှန်ရေးမဟုတ်ဘူး။
မင်း လူထုလူတန်းစားတော်လှန်ရေးတစ်ခုလုပ်ရင် နိုင်ငံရေးရည်မှန်းချက်ရှိရမယ်။ ဘုံရည်ရွယ်ချက်တူညီတဲ့သူတွေကိုစုရမယ်။
မင်းတစ်ယောက်တည်းဓားပြတိုက်လိုက်ဝေခြမ်းလိုက်လုပ်နေလို့ တိုင်းပြည်မပြောင်းလဲသွားဘူး။ အဲ့လိုလုပ်လို့ လူတန်းစားဘဝတွေမြင့်တက်သွားတဲ့နိုင်ငံလည်းငါမမြင်ဖူးဘူး။
မင်းလူတွေကိုကူညီချင်ရင် မင်းကိုမင်းပြောင်းလဲအောင်အရင်လုပ်၊ သူတို့မင်းကိုမှီခိုပြီးအလုပ်မလုပ်ချင်အောင်မလုပ်နဲ့။
မင်း အခုအခြေအနေကိုမကြိုက်လို့ အားလုံးကိုစွန့်လွှတ်ချင်ပြီဆိုရင် ငါ့ဆီလာခဲ့။မင်းဘဝသစ်စနိုင်အောင် ငါကူညီမယ်။
မင်းလူတွေကိုဝေဿန္တရာလုပ်ချင်ရင် ဘဝအသစ်ထူထောင်ပြီး လူတွေကိုပေးနိုင်ကျွေးနိုင်အောင် သမာအာဇီဝနည်းနဲ့လုပ်။ မင်းအခုမှ ၃၆ နှစ်ရှိသေးတာပဲ။ အချိန်တွေအများကြီးရှိပါသေးတယ်။ ဘဝသစ်စပါ။ ငါလည်းကူညီမယ်။”
“ကျနော်ငွေမလိုဘူးဆာဟစ်။ ကျနော်ဆာဟစ်လို ကျနော့်ဆီကဘာမှမလိုချင်ပဲ ကျနော့်ကိုလမ်းပြနိုင်မယ့်လူမျိုးကိုလိုချင်တာ။ ကျနော့်ကိုအမြင်မတော်တာဆုံးမပါ။”
ပြောပြောဆိုဆိုနဲ့ အိန္ဒိယမှာအရိုသေဆုံးပုံစံနဲ့ မြေကြီးမှာဒူးထောက်ကာ ကျနော့်ခြေအစုံကိုနမ်းလိုက်ပါတယ်။
“ပြီးတော့ မင်းဘဝသစ်စမယ်ဆိုရင် ဒီနယ်မှာစလို့မရဘူး။ မင်းအခုလက်နက်သွားချရင်တောင် လူသတ်မှုနဲ့ကြိုးကလွတ်ဖို့မလွယ်ဘူး။
မင်းအနည်းဆုံး ဟိုးအူတာပရာဒက်ပြည်နယ်လောက်မှာ ဘဝသစ်စသင့်တယ်။ ငါလည်းကူညီမယ်။ မင်းအားလုံးကိုဖြတ်နိုင်ပြီဆိုရင် လက်နက်တွေရာအားလုံးစွန့်ပြီးမျက်နှာပါအပြောင်ရိတ်၊ ရုပ်ဖျက်ပြီးငါ့ဆီလာခဲ့။ ငါလိပ်စာပေးခဲ့မယ်။”
ကျနော့်လိပ်စာကိုပေးပြီး လေယာဉ်စက်ရုံမင်းကြီးအန်ဒါဆန်ရဲ့အိမ်လို့မေးရင် ဘန်ဂလိုမြို့မှာလူတိုင်းသိကြောင်းပြောပြလိုက်ပါတယ်။ စိတ်မချလို့ထပ်မှာခဲ့ပါသေးတယ်။
“ငါပြောတာမမေ့နဲ့ မင်း မဖြစ်လောက်ပါဘူးကွာ၊ ငါ့ကိုမမိလောက်ပါဘူးကွာဆိုပြီး အတင့်မရဲနဲ့။ ရဲဆိုတာခွေးထက်အနံ့ခံကောင်းတယ်။ ဒါသူတို့လုပ်နေကျအလုပ်ပဲဟာ။
အဲ့ဒီတော့ဘဝအသစ်စရင် မင်းမိန်းမတွေအပါအဝင် မင်းသိခဲ့တဲ့လူအားလုံးကိုပါ လုံးဝအဆက်ဖြတ်ပါ။ ဒါကိုတင်းတင်းကြပ်ကြပ်လိုက်နာပါ။”
မနက်လည်းလင်းလုပြီမို့ ဗိုလ်ဂေါ်ပြားဟာ ကျနော့်ကိုလက်ကိုနမ်းကာ ဆလံအကြိမ်ကြိမ်ပေးပြီး အမှောင်ရိပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။
ကျနော်လည်းသူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ရမ်ဂကိုတောင်မှပြန်မပြောပဲ နှုတ်လုံလုံနဲ့နေခဲ့ပါတယ်။
ခြောက်လလောက်အကြာမှာ ကျနော့်အိမ်နောက်ဖေးကို စုတ်စုတ်ပြတ်ပြတ်နဲ့ ဆာဒူးတစ်ယောက်ရောက်လာပါတယ်။
အလှူခံနေတာကိုအတင်းမောင်းထုတ်တာမသွားဘူးဆိုတာနဲ့ ကျနော်ထပြီးခြံအပြင်ထွက်လိုက်ချိန်မှာ စုတ်ပြတ်တဲ့ယောဂီရောင်အဝတ်အစား၊ နဖူးမှာအဖြူနဲ့အနီရောင်ကန့်လန့်ဖြတ်ချယ်သထားတဲ့ ဆာဒူးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။
လူဖြူတစ်ယောက်ဆီကအလှူအတန်းလေးများရမလားလို့ အလှူခံတဲ့သူ့အသံနဲ့မီးသွေးလိုနက်မှောင်တဲ့သူ့မျက်လုံးတွေကို မြင်ဖူးသလိုလိုကြည့်နေရာက အတော်ကြာမှ မန်မတီဗရမ်းမှန်းကျနော်မှတ်မိသွားပါတယ်။
ကျနော့်ခြံစောင့်ကောင်လေးကို စာတိုက်ကိုအလုပ်ကိစ္စခိုင်းလိုက်ကာ ဆာဒူးကိုအိမ်ထဲဖိတ်လိုက်ပါတယ်။
ကျနော်သူ့အတွက်ငွေနဲ့လိုအပ်တာတွေစီစဉ်ပေးဖို့လုပ်တဲ့အခါမှာ သူကသူ့မှာငွေအလုံအလောက်ရှိကြောင်း၊ ဆာဒူးအနေနဲ့ခရီးသွားရင် ထမင်းလည်းမငတ်သလိုလုံလည်းလုံခြုံပါကြောင်း၊ ကျနော့်ကိုကတိပေးထားတဲ့အတိုင်းဝင်နှုတ်ဆက်တာဖြစ်ကြောင်းပြောပါတယ်။
ပြီးတော့လက်စွပ်တစ်ကွင်းထုတ်ပေးပါတယ်။ ဒါဟာဆည်မြောင်းအင်ဂျင်နီယာကိုသူဓားပြတိုက်စဉ်မှာ အင်ဂျင်နီယာကရယ်ရယ်မောမောချွတ်ပေးခဲ့တဲ့လက်စွပ်ဖြစ်ကြောင်း။ အဲ့ဒီဆာဟစ်ကလည်း သတ္တိကောင်းပြီးလုံးဝတုန်လှုပ်မှုမရှိကြောင်းနဲ့သူပြန်ပေးတာကိုမယူကြောင်း၊ သတ္တိကောင်းသူချင်းမို့အမှတ်တရအနေနဲ့ကျနော့်ကိုပေးခဲ့ချင်ကြောင်းပြောပါတယ်။
ကျနော်ကလည်းလိုအပ်ရင်ကျနော့်ကိုအချိန်မရွေးဆက်သွယ်ဖို့မှာလိုက်ပါတယ်။တကယ်တော့ တောပုန်းတစ်ယောက်ကိုကူညီမှုဆိုတာ ရဲကသိရင်အလွန်ပြဿနာတက်နိုင်ကြောင်းကျနော်သိပါတယ်။ ဒါပေမယ့်ကျနော်ကူညီဖို့အသင့်ပါ။
သူခရီးသွားမယ့်ပလန်ဘာညာဆွေးနွေးအပြီးမှာ ကျနော့်ကိုနောက်ဆုံးအကြိမ်အဖြစ်နှုတ်ဆက်ကာထွက်ခွာသွားပါတော့တယ်။
ကျနော့်အနေနဲ့ သူမြောက်ပိုင်းတစ်နေရာမှာ ဘဝသစ်စသွားပြီလို့ပဲမှတ်ယူထားလိုက်ပါတယ်။
တနေ့တော့သတင်းစာထဲမှာ ဗိုလ်ဂေါ်ပြားကိုအသေဖမ်းမိကြောင်းအံ့ဩစွာဖတ်လိုက်ရပါတယ်။ သူ့မိတ်ဆွေဟောင်းတစ်ယောက်က သူ့ကိုအသေပစ်ဖမ်းကာ ရဲထုတ်ထားတဲါဆုငွေကိုထုတ်ယူသွားကြောင်းဖတ်လိုက်ရပါတယ်။
ဖြစ်ချင်တော့ ကာလအတော်ကြာပြီးမှသူသဘောအကျဆုံးမိန်းကလေးဆီတိတ်တဆိတ်အသွားမှာ အဲ့ဒီမိန်းကလေးရဲ့အကိုက ဖဲကြွေးတင်ပြီးငွေအရမ်းလိုနေတာနဲ့ သူ့ကိုပစ်သတ်ကာဆုငွေသွားထုတ်တာဖြစ်ပါတယ်။
ကျနော့်ဘဝမှာ မူးယစ်ဆေးသမားနဲ့ လောင်းကစားသမားတွေဟာ ဘယ်တော့မှကတိမတည်သစ္စာမရှိပဲ မူးယစ်ဆေးယင်းထချိန်နဲ့ ငွေအသည်းအသန်လိုချိန်မှာ သစ္စာဖောက်တတ်တာကိုတွေ့ရစမြဲပါ။
ဘယ်တော့မှ လူတွေကိုမယုံပါနဲ့၊ လူတွေဟာငွေမျက်နှာနဲ့မိတ်ဆွေမျက်နှာမှာ ငွေမျက်နှာပဲကြည့်တတ်ကြောင်း ကျနော်အတန်တန်မှာထားရဲ့သားနဲ့ အဲ့ဒီမိန်းကလေးဆီသွားအတွေ့မှာဖြစ်သွားတာပါ။
ကာလအတန်ကြာခြေရာဖျောက်နိုင်တာမို့ လူတွေသူ့ကိုမေ့သွားပြီလို့တွက်ဆထားဟန်လည်းတူပါတယ်။
ဘယ်တော့မှငါ့ကိုမမိလောက်ပါဘူးဆိုပြီး မြို့ထဲပြန်ဝင်မလာပါနဲ့။ လူယုတ်မလောက်ကောင်တွေဆိုတာ နေရာတိုင်းမှာရှိတတ်စမြဲပါ။
ရပါတယ်လို့ဆိုပြီးသတိမပေါ့ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းဟာ ရပါတယ်ကျနော့်ကိုဘယ်သူမှမလုပ်ကြံပါဘူးဆိုပြီး လုံခြုံရေးကိုဖယ်ခိုင်းလိုက်လို့ လူယုတ်မာရဲ့လုပ်ကြံတာခံခဲ့ရသလိုတိုင်းပြည်လည်းချောက်ထဲထိုးဆင်းခဲ့ရပါတယ်။
“သတိဆိုတာပိုတယ်လို့မရှိပါ။”
Richard Myo Thant
4-December-2021