657 Pageviews
တနေ့ကအဖိုးအန်တိုနီယိုဘိုလီဗာနဲ့စကားပြောဖြစ်ပါတယ်။ အဖိုးအန်တိုနီယိုဟာလက်တင်အမေရိကတော်လှန်ရေးအတွင်း ချီကွေဗားရားနောက်ကနေလိုက်ပြီး တော်လှန်ရေးလုပ်ခဲ့ဖူးသူပါ။
အဖိုးဟာ 🇲🇽မက္ကဆီကန်တော်လှန်ရေးခေါင်းဆောင် Emiliano Zapata အယ်မလီယာနိုဇာပါတာရဲ့အဆိုအမိန့်တွေကို ကျနော့်ကိုပြောပြခဲ့သူပါ။
“If there is no justice for people, let there be no peace for government. “
“ပြည်သူလူထုကိုတရားမျှတမှုမပေးတဲ့ ဘယ်အစိုးရမျိုးမဆို ငြိမ်းချမ်းရေးဘယ်တော့မှမရဘူး” တဲ့ကွ။
O avō အဖိုးမတွေ့တာကြာပြီလို့ နှုတ်ဆက်တော့ သူ့ကမင်းတို့မြန်မာပြည်အခြေအနေဘယ်လိုလဲလို့ မေးပါတယ်။
တကယ်တော့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ ကျနော်စသိခဲ့တာ ၂၀၁၅ ကတည်းကပါ။ သူ့မြေး ဆိုင်မွန်ဘိုလီဗာဟာကျနော့်ကိုအတော်ခင်သူပါ။
Xiah ဆိုတဲ့အွန်လိုင်းဂိမ်းတစ်ခုဆော့ရင်း သူနဲ့ကျနော်နဲ့ မိုင်နိုတောတောင်ပေါ်မှာ မိုင်နိုတောအင်ပါယာကိုသတ်ဖို့အတူထိုင်စောင့်ရင်း ဘဝအကြောင်းစကားတွေအများကြီးပြောဖူးပါတယ်။
တစ်ခါတလေမိုင်နိုတောအင်ပါယာကိုတစ်ယောက်တစ်လှည့်အပျော်သတ်ရင်း သူရယ်ကျနော်ရယ် အီဂျစ်ကဗွန်ရယ် တောင်ထိပ်က🔥မီးပုံဘေးမှာ အတူစကားထိုင်ပြောတတ်ကြပါတယ်။ ဆိုင်မွန်ဘိုလီဗာဆိုတာဘိုလီးဗီးယားတော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက်ရဲ့နာမည်မို့ ရာဇဝင်မေးရင်းသူ့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ပါသိလာခဲ့တာပါ။
အခုလည်းအဖိုးအန်တိုနီယိုကို အဖိုးချီကွေဗားရားနောက်ကနေ လိုက်ပြီးတော်လှန်ရေးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်ပြောပါဦးလို့ ကျနော်ကမေးပါတယ်။
“ဒီမှာ ရစ်ချတ် … အဲ့ဒါတွေထက် တော်လှန်ရေးအောင်မြင်ချင်ရင် မဖြစ်မနေရှောင်ရမယ့်အချက်တွေကို မင်းကိုပြောပြမယ်” လို့ သူက လေးနက်တည်ကြည်တဲ့မျက်နှာနဲ့ပြောပါတယ်။
မင်းကြားဖူးသလားမသိဘူး။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ် ပိုင်းလော့ တစ်ယောက်ဟာ ပြင်သစ်ပြည်မှာလေယာဉ်ပျက်ကျပြီး ပြင်သစ်တော်လှန်ရေးတစ်ဖွဲ့ရဲ့ကယ်တင်ခြင်းခံရတယ်။
အဲ့ဒါနဲ့ညစာစားတော့ သူက 🍷ဝိုင်ကလေးသောက်ချင်တယ်။ ပြင်သစ်မှာဝိုင်ကောင်းကောင်းသောက်ရမယ်မှတ်ထားတာကိုး။
ဧည့်သည်မျက်နှာကိုကြည့်ပြီး ပါးနပ်တဲ့ပြင်သစ်တော်လှန်ရေးခေါင်းဆောင်က ဝိုင်ပုလင်းတွေထုတ်ခိုင်းလိုက်တယ်။
မိတ်ဆွေသောက်ပါ။ ကျနော်တို့ကိုကူညီလို့ ဧည့်ခံပါရစေတဲ့။ ခင်ဗျားတို့လည်းသောက်လေဆိုတော့ စိတ်မရှိပါနဲ့ ပြင်သစ်ပြည်မလွတ်မြောက်မချင်း အရက်သေစာမသောက်သုံးဖို့ ကျနော်အဓိဌာန်ပြုထားတယ်တဲ့။
ကျနော်ဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ “အရက်သောက်ရင်ဆုံးဖြတ်ချက်အမှားတွေကိုချမိလိမ့်မယ်” တဲ့။
မဟာမိတ်ပိုင်းလော့ဟာတော်လှန်ရေးစခန်းကပြင်သစ်သူလေးအတော်ချောတာကိုသတိထားမိပြီး ပိုးပန်းသတဲ့။
ပြင်သစ်သူလေကပြန်ပြောတာရှင်းရှင်းလေးပဲ။ ကျမတို့ပြည်ကြီးဟာ နာဇီတွေရဲ့လက်အောက်မှာကျရောက်နေတဲ့ ကံအဆိုးဆုံးကာလရောက်နေပါတယ်တဲ့။
မြို့ပေါ်မှာလူမဆန်အောင်အနှိပ်စက်ခံနေရတဲ့ ကျမမမြင်ဖူးတဲ့ကျမရဲ့ရဲဘော်ရဲဘက်တွေရယ်၊ မတရားတဲ့ရန်သူကိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကိုမေ့ပျောက်ပြီး ကျမအချစ်ရူးမထနိုင်ပါဘူးတဲ့။
ကျမတို့နိုင်ငံမလွတ်မြောက်သေးသ၍ ဒါမျိုးကျမလက်ခံလို့မရပါဘူးတဲ့။ ကျမတို့ကိုရှင်တို့ကူညီနေတယ်ဆိုပေမယ့် ကျမတို့ကိုယ်ကျမအားကိုးဖို့လိုပါတယ်တဲ့။ ကျမကိုချစ်ရင်ရှင်ဝင်တိုက်ပေးပါတဲ့။ ပြတ်ကရော။
ငါတို့တော်လှန်ရေးလုပ်တော့ ချီရှိတုန်းကအဆင်ပြေတယ်။ နောက်တော့ခေါင်းဆောင်ကောင်းမရှိတော့တဲ့အချိန်မှာ ကဂျိုးဂချောင်တွေနဲ့လုံးလည်ချာလည်လိုက်တော့တာပဲလို့ သူကဆိုပါတယ်။
တို့ကကွာ တော်လှန်ရေးလုပ်ဖို့ စစ်တိုင်းနှစ်တိုင်းခွဲတယ်။ ဖြစ်ချင်တော့ အပေါ်ပိုင်းတိုင်းကိုဦးစီးတဲ့အကောင်က ဒါသမားကွဆိုပြီး သူကပါးစပ်မှာလက်မတေ့ပြီး မော့တဲ့ပုံလုပ်ပြပါတယ်။
သဘောကတော့ အရက်သမားလို့ပြောချင်တာပါ။
အောက်ဖက်တိုင်းကိုဦးစီးတဲ့ နောက်ခေါင်းဆောင်တစ်ကောင်က ဒါသမားကွဆိုပြီး နှာခေါင်းကိုလက်ညိုးနဲ့ထိုးပြပါတယ်။
သဘောကတော့တော်လှန်ရေးလုပ်ရမယ့်အချိန်မှာ တော်လှန်ရေးထက်နှာဘူးထဖို့တွေးနေတဲ့သူလို့
ပြောချင်တာပါ။
မင်းတို့နိုင်ငံမှာမင်းပြောဖူးတဲ့ခေါင်းဆောင်ကြီးတွေဟာ ဂျပန်ကိုတော်လှန်ခဲ့ချိန်မှာဘယ်လိုလဲလို့မေးပါတယ်။
ဟာ … ကျနော်တို့ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းအရက်သောက်တယ်လို့ဘယ်တုန်းကမှမကြားဖူးဘူးဗျ။ အရက်ပုလင်းလိုက်ရှာရင်း ရဲအဖမ်းခံရတယ်လို့လည်းတစ်ခါမှမရှိခဲ့ဖူးဘူး။
ပြီးတော့ နှာထပြီးတော်လှန်ရေးကိုအာရုံမစိုက်ပဲ မော်ဒယ်ကောင်မလေးကိုအာရုံစိုက်နေတယ်ဆိုတာမျိုးလည်းလုံးဝမရှိဘူးလို့ကျနော်ကပြန်ပြောလိုက်ပါတယ်။
အေး … အဲ့ဒါပဲ။ အဲ့ဒါက အရေးအကြီးဆုံးပဲကွလို့ သူကစားပွဲကို “ဒုံး” ကနဲထုပြီးစကားပြောပါတယ်။
ဒီမှာကွယောက်ျားပဲအရက်သောက်တတ်မှာပေါ့လို့ဆင်ခြေမပေးနဲ့။ အရက်သမားအမှားတစ်ထောင်တဲ့။ အရက်မူးနေတဲ့အကောင်ကဒီတော်လှန်ရေးကိုဘယ်လိုဦးဆောင်မှာလဲ❓
မင်းတို့ဂျနရယ်အောင်ဆန်းအကြောင်းငါဖတ်ဖူးတယ်။ မြန်မာပြည်လွတ်လပ်ရေးအတွက်အချိန်ပြည့်ခေါင်းထဲထည့်ထားတဲ့သူ။ အရက်လိုက်ဝယ်လို့အဖမ်းခံရတဲ့အရှက်မရှိအကောင်မျိုးမဟုတ်ဘူးကွ။
အရက်လိုက်ဝယ်လို့အဖမ်းခံရတဲ့အကောင်မျိုးဟာ တော်လှန်ရေးကိုဆွဲချမယ့်သူပဲကွ၊ ခေါင်းဆောင်ဖြစ်ထိုက်သူလုံးဝမဟုတ်ဘူး။
နောက်ပြီးအိမ်ထောင်ပြုချင်တစ်ခါတည်းပြုလိုက် ဘာလဲတော်လှန်ရေးလုပ်ပါတယ်ဆိုပြီး ဖွန်ကြောင်နေရင်ဘာတော်လှန်ရေးလဲ။ တော်လှန်ရေးလုပ်တာ၊ ပျော်ပွဲစားထွက်တာမဟုတ်ဘူးကွ။ အဲ့ဒီဟာပဲတွေးနေရင် ခေါင်းဆောင်မလုပ်နဲ့။ အရှက်ရှိကြ။
အဲ့ဒီအရက်သမားနဲ့ဖွန်ကြောင်ကောင်အောက်မှာ ဘာတော်လှန်ရေး Strategy မှထွက်မလာဘူး။ တော်လှန်ရေးကို အချိန်ပြည့်ခေါင်းထဲထည့်ထားတဲ့အကောင်တွေမှမဟုတ်တာကိုးကွ။
“ဒုံး” 💥လက်သီးနဲ့ထုလိုက်ပြန်ပါတယ်။
ခေါင်းဆောင်ကအဲ့ဒါမျိုးတလွဲတွေလုပ်နေရင် ကလေးတွေပိုအသက်ပေးရမယ်။တော်လှန်ရေးသက်ဆိုးရှည်မယ်။
ထပ်ပြောမယ်၊ အရက်သမားနဲ့ဖွန်ကြောင်ကောင်တွေဦးဆောင်နေသမျှ အဲ့တော်လှန်ရေးမအောင်မြင်ဘူး။ အဲ့ဒါဒဲ့ပဲ။
တော်လှန်ရေးလျင်လျင်မြန်မြန်အောင်မြင်ချင်ရင် အဲ့ဒီအရက်မသောက်ဖွန်မကြောင်တဲ့ ခေါင်းဆောင်ကောင်းရှိကိုရှိမှရမယ်။ အဲ့ဒါအရေးကြီးဆုံးအချက်ပဲ။
မင်းတို့ခေါင်းထဲမှာပြန်စဉ်းစား ငါတို့ဟာဗိုလ်ချုပ်အောင်ဆန်းလိုအရက်မသောက်ပဲတော်လှန်ရေးအကြောင်းကိုနေ့နေ့ညညအချိန်ပြည့်ခေါင်းထဲထည့်ထားတဲ့ခေါင်းဆောင်မျိုးလား❓
အောင်ဆန်းလိုကြိုးစား၊ #အောင်ဆန်းလိုရိုးသားမှ #အောင်ဆန်းလိုအောင်မြင်မှာ။ မြဲမြဲမှတ်ထား။
အဲ့လိုခေါင်းဆောင်မျိုးမဟုတ်ရင် #မင်းတို့လုံးဝလက်မခံနဲ့။
အင်းလေ … အဖိုးအန်တိုနီယိုက လက်တင်အမေရိကနိုင်ငံတွေအစုံလှည့်ပြီးတော်လှန်ရေးလုပ်လာတဲ့ တကယ့်တော်လှန်ရေးသမားစစ်စစ်ကြီးကိုး။ အကုန်ကြုံဖူးမြင်ဖူးနေမှာပေါ့။
ပြောရရင်တော့အစုံပါပဲ ခေါင်းဆောင်နှစ်ကောင်ကအသုံးမကျရတဲ့ကြားထဲလက်နက်ကိုင်တပ်တွေကလည်းအမျိုးမျိုးကွ။
ပြည်သူလူထုအတွက်တော်လှန်ရေးလုပ်ရင် ရိုးသားရတယ်ကွ၊ ရိုးသားရတယ်။
အခုတော့ကွာသူတို့က လက်နက်ကိုင်တဲ့အရသာကိုတွေ့နေတယ်။ ပြည်သူလူထုအတွက်တော်လှန်နေတာမဟုတ်ဘူး။
ကြုံတောင့်ကြုံခဲအချိန်မှာ စည်းစည်းလုံးလုံးနဲ့ပြိုင်တူဝိုင်းတွန်းရမယ့်ကိစ္စမှာ အသာလေးဖဲဝိုင်းကြည့်သလိုလုပ်နေတယ်။
နိုင်နေရင် နယ်မြေရဖို့အားရပါးရဆွမ်းကြီးဝင်လောင်းမယ်။ မအောင်မြင်ခင်မှာတော်လှန်ရေးကိုစိတ်မဝင်စားဘူး။
စိတ်မဝင်စားဆို နှစ်ပေါင်းများစွာလက်နက်ကိုင်ရင်းတရားမဝင်စီးပွားရေးတွေလုပ်လာတာမလား? ငါတို့လူမျိုးအတွက်လို့ကြွေးကြော်ခဲ့တာတွေကိုမေ့ကုန်ပြီ။ အခုstatus quo နဲ့ဘယ်လိုအချောင်လိုက်ရမလဲပဲကြည့်နေကြတယ်။
ဘယ်စစ်မှန်တဲ့တော်လှန်ရေးမျိုးမှ အချိုအချောင်မရှိဘူးကွ။ တော်လှန်ရေးကိုရိုးသားဖို့လိုတယ်။
အားလုံးဝိုင်းမမှနွံနစ်နေတာကလွတ်မှာပေါ့။ အခုတော့ကွာ ဘုံရန်သူကိုမတိုက်ပဲကိုယ့်လူမျိုးအချင်းချင်းပြန်ချနေတဲ့ အကောင်တွေကရှိသေးတယ်။
အဲ့ဒီတော့ …
(၁) အောင်ဆန်းလိုအရက်မသောက်ပဲ တော်လှန်ရေးကိုမိုးလင်းမိုးချုပ်အပြည့်အဝအာရုံစိုက်ဖို့၊
(၂) တော်လှန်ရေးမှာရိုးသားကြဖို့၊
(၃) နောင်နှစ်ပေါင်းများစွာအတွင်းမှာ ဒီတစ်ချိန်ပဲအခွင့်အရေးရမယ်ဆိုတာသိပြီး စည်းလုံးညီညွတ်ကြဖို့လိုတယ်ကွဲ့။
အဲ့ဒီအချက်တွေနဲ့ပြည့်ဝလေ အသက်ပေးရသူနည်းလေ၊ တိုင်းပြည်မြန်မြန်လွတ်မြောက်ပြီး အနာဂတ်နိုင်ငံတော်သစ်ကိုထူထောင်နိုင်လေပဲကွ။
မင်းတို့မသိလို့ နောက်အနှစ် ၂၀ ဆိုဘယ်လောက်ကွာသွားမလဲကြိုတွေးရပြီ။ မင်းတို့ဆီမှာ ၁၉၇၀ လောက်က ၁၉၉၀ ကျော်လောက်မှာတိုင်းပြည်ကြီးကအတော်ကောင်းပြီလို့ထင်နေခဲ့ကြတယ်။
အဲ့ဒီလိုပဲ ၁၉၉၀ ကျော်က အခုလို ၂၀၂၁ မှာဒီလိုနောက်ပြန်လျောကျနေတဲ့အခြေအနေမျိုးနဲ့ကြုံမယ်လို့ဘယ်သူမှကြိုတွေးမထားကြဘူး။
အနှစ် ၂၀ ကိုကြိုတွေးပြီး နောက် ၅ နှစ်မှာဘယ်လို၊ နောက် ၁၀ နှစ်မှာဘယ်လို၊နောက်တစ်နှစ်မှာဘယ်လိုဆိုပြီးအားလုံးကညီညီညွတ်ညွတ် ရိုးသားစွာနဲ့ဝိုင်းဝန်းကြိုးစားကြဖို့လိုတယ်။
မင်းတို့ဗြိတိသျှတွေဆီကခွတ်လပ်ရေးရတာ အနှစ် ၇၀ ကျော်ပြီ။ ဟိုတုန်းကမြန်မာပြည်ဟာ ငါတို့အားကျရတဲ့နိုင်ငံ။ အခုလိုတို့ထက်နိမ်းကျတဲ့ အခြေအနေမျိုးဖြစ်နေလိမ့်မယ်လို့ တကမ္ဘာလုံးဘယ်ထင်ထားခဲ့ကြပါ့မလဲကွာ။
နှစ် ၅၀ ဆိုတာ ခဏလေးရယ်ကွ။ မင်းတို့မြန်မာပြည်ချောက်ထဲတလိမ့်ပြီးတလိမ့်ဆင်းနေခဲ့တာကို ငါကမျက်မြင်ကြုံခဲ့ရတာကွ။
နောက်အနှစ် ၅၀ မှာမြန်မာပြည်ဟာကမ္ဘာမှာအဆင်းရဲဆုံးအနိမ့်ကျဆုံးဖြစ်နေနိုင်သလားစဉ်းစား။ အခုပုံအတိုင်းသွားရင်ဗေဒင်မမေးနဲ့။
မင်းတို့မိဘတွေမေးကြည့် မြန်မာပြည်ကြီးကိုသူတို့ငယ်ငယ်က အစုတ်အပြတ်ဆုံးနိုင်ငံအဖြစ်မြင်ရမယ်လို့ သူတို့တွေးခဲ့ဖူးကြသလားလို့။
နေ့ကိုရက်စား၊ ရက်အားလမျို၊ လကိုနှစ်ဖြုန်းတဲ့ ဒီလိုပဲအီးရောအီးရောနဲ့စမ်းတဝါးဝါးမြေမျိုပြီးနိမ့်ကျသွားတာ။
အနာဂတ်မြန်မာပြည်ကိုဘယ်လိုပုံစံမျိုးနဲ့ မြင်ချင်သလဲဆိုတာမင်းတို့တော်လှန်ရေးခေါင်းဆောင်တွေနဲ့ မင်းတို့အားလုံးအလေးအနက်စဉ်းစား။
ပြင်ဖို့လိုတာအချိန်မီပြင်ကြ။ အချိန်မီသေးတယ်။ ငါပြောတာတွေ ဆောင်ရန်ရှောင်ရန်တွေမှတ်ထား။ ဒါပဲ။
တော်လှန်ရေးကိုအချိန်မကြာစေနဲ့။ မကောင်းတဲ့ခေါင်းဆောင်မှန်သမျှကို #တိုင်းပြည်မှာရော #တော်လှန်ရေးမှာရော ဘယ်မှာမှလက်မခံကြနဲ့။
ငါကတော့ငါ့အတွေ့အကြုံတွေကိုရှယ်မယ်။ ယူတတ်ရင်ရမယ်။ မယူတတ်ရင်အကြီးကြီးပေးဆပ်ပြီးမှ အသိတရားရမယ်။